အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ ဇွန်(၅)။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ ဒေသစံတော်ချိန် နံနက်(၈)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium Complex ၌ ကျင်းပပြုလုပ်ခဲ့ရာ (အမျိုးသမီး) သံလုံးပစ် (F55)ပြိုင်ပွဲ ပွဲစဉ်၌ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး(ရွှေတံဆိပ်)ဆုကို မထက်ထက်အေးကလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို ဖိလစ်ပိုင်နိုင်ငံကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်၍ (အမျိုးသမီး) သံလုံးပစ် (F64) ပြိုင်ပွဲ ပွဲစဉ်၌ မြန်မာနိုင်ငံမှ မစိန်ဖောက ဒုတိယမြောက် (ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ ဒုတိယ (ငွေတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း၊ တတိယ (ကြေးတံဆိပ်)ဆုကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း အသီးသီး ရရှိခဲ့သည်။

ထို့နောက် (အမျိုးသမီး) အလျားခုန် (T64) ပြိုင်ပွဲတွင် မလော်လာဝင်းက ဒုတိယ (ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ (အမျိုးသမီး) အလျားခုန် (T44) ပြိုင်ပွဲတွင် မဝေဝေသင်းက ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ (အမျိူးသား) လက်ဆင့်ကမ်း မီတာ(၄ x ၁၀၀) (T42-47) ပြိုင်ပွဲတွင် မောင်စိုးပေ၊ မောင်အောင်မြင့်ဌေး၊ မောင်သူရဇော်နှင့် မောင်အောင်မြင့်မြတ်တို့က တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ထို့ပြင် ရေကူးအားကစားနည်းမှ မီတာ(၄၀၀) အမျိုးသား (Freestyle)ပြိုင်ပွဲတွင် မောင်အောင်မြင့်မြတ်က ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ မီတာ(၁၀၀) အမျိုးသား (Breast Stroke) ပြိုင်ပွဲတွင် မောင်မင်းထူးက ဒုတိယ (ငွေတံဆိပ်)ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့သည် Morodok Techo Elephant Hall 2 တွင် ကျင်းပလျက်ရှိသည့် ထိုင်လျက်ဘော်လီဘော၊ National Olympic Stadium တွင် ကျင်းပလျက်ရှိသည့် ဘောလုံးပြိုင်ပွဲတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

(၄.၆.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ ရေကူး၊ မျက်မမြင်ဂိုးလ်ဘော၊ မျက်မမြင်စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘောလီဘော၊ ဘောလုံးအားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် မထက်ထက်အေးနှင့် မစိန်ဖောကို မြန်မာနိုင်ငံမသန်စွမ်းသူများအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများကို တာဝန်ရှိသူများကလည်းကောင်း အသီးသီး ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(၅.၆.၂၀၂၃)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် မျက်မမြင်စစ်တုရင်၊ မျက်မမြင် ဂိုးလ်ဘော၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ အလေးမ၊ ဘောလုံး၊ ပြေးခုန်ပစ်အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။