အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ၊ ဇွန်လ(၁၇)ရက်။

ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စုစုပေါင်းဆုတံဆိပ် ၅၆ ခု ရယူပေးနိုင်ခဲ့

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားလှုပ်ရှားမှုသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ အောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ အားကစားသည်ပြောင်းလဲလာသည့် အခြေအနေ အရပ်ရပ်အပေါ်တွင် အရှိန်အဝါနှင့်အနေအထားအရပါ မြင့်မားလာသည့်အတွက် ကျန်းမာရေး သက်သက်၊ အားကစားသက်သက်အဆင့်သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြောင်းလဲလာခဲ့ပြီဟုလည်း ပြောကြားလိုပါကြောင်း။

ယနေ့ကမ္ဘာကြီးတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ လူ့အဖွဲ့ အစည်းများအကြားဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ခိုက်မှုများနှင့် ဖောက်ခွဲဖျက်ဆီးမှုများ၊ အကြမ်းဖက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ များစွာရှိနေသည့်အပြင် မွေးဖွားလာကတည်းက ဆွံ့အ၊ နားမကြား၊ ခြေလက်အင်္ဂါမပြည့်စုံခြင်းနှင့် ဉာဏ်ရည်မပြည့်မီသူများလည်း ရှိနေကြပါကြောင်း၊ ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် မသန်စွမ်းဖြစ်ပွားသူအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ (၁၆)ရာခိုင်နှုန်း၊ သန်းပေါင်း(၁၃၀၀)ခန့်ရှိသည်ဟု ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ ၂ဝ၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း၊ လူဦးရေ ၅ ဒသမ ၉၆၈ သန်းကျော်သည် မသန်စွမ်းသူများဖြစ်ကြသည်ဟုလည်း သိရပါကြောင်း။

မသန်စွမ်းသူများသည်လည်း လူသားများပင်ဖြစ်သဖြင့် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ခိုင်မာမြင့်မားရေးတို့ကို အလေးထားလုပ်ဆောင်ပေးကြရန်လည်း လိုအပ်လာပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ (၃၂)၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်အနေဖြင့် မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကာ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ ပြုစုပျိုးထောင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးစသည့် လိုအပ်ချက်များကို အလေးထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ယနေ့ခေတ်တွင် မသန်စွမ်းသူများ၏အရေးသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အထူးအာရုံစိုက် အလေးထားလာသည့် အရေးကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေးနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေးအတွက် ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အာဆီယံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ASEAN Para Sports Federation (APSF)ကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့ပြီး မသန်စွမ်းသူများအားကစား ပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်သည့်ပြိုင်ပွဲများတွင် အားကစားသမားဦးရေ အနည်းငယ်သာ ဖြစ်သော်လည်း ပြိုင်ပွဲဝင်အားကစား အမျိုးအစားတိုင်းတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် (၁၁)ကြိမ်မြောက်ပြိုင်ပွဲတွင် အားကစားသမား (၆၉)ဦးဖြင့် ရွှေတံဆိပ်(၁၄)ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ်(၄၃)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၆)ရရှိခဲ့သည်ကိုတွေ့ရပြီး ယခု (၁၂)ကြိမ်မြောက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၈)နည်း၊ အားကစားသမား(၈၂)ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်(၁၅)ခု၊ ငွေတံဆိပ်(၂၂)ခု၊ ကြေးတံဆိပ်(၁၉)ခု၊ စုစုပေါင်း ဆုတံဆိပ်(၅၆)ခု ရရှိပြီး ပြိုင်ပွဲဝင်(၁၁)နိုင်ငံအနက် အဆင့်(၆) ရရှိခဲ့ပါကြောင်း။

အဆိုပါပြိုင်ပွဲမှတ်တမ်းများအရ မြန်မာနိုင်ငံမှမသန်စွမ်းသူများ အားကစားသမားများသည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြသူများ ဖြစ်သည်ဟု မှတ်တမ်းတင် ဂုဏ်ပြုပြောကြားလိုပါကြောင်း။

အခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း(၈)နည်းထဲတွင် ပြေးခုန်ပစ်၊ ရေကူးအားကစားနည်းတို့မှ ရွှေတံဆိပ် (၁၅)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမအားကစားနည်းတို့မှ ငွေတံဆိပ်(၂၂)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဂိုးလ်ဘော အားကစားနည်းများမှ ကြေးတံဆိပ်(၁၉)ခုရရှိခဲ့ပါကြောင်း၊ ငွေတံဆိပ်ရရှိခဲ့သည့် အားကစားနည်းများသည်လည်း ပြိုင်ပွဲများ တွင် ဗိုလ်လုပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်မရရှိခဲ့ကြသော်လည်း နိုင်ငံအတွက် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူသည်ကို ပြောကြားလိုပါကြောင်း။

အလားတူ ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်မှ ၁၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက်(ဖိတ်ခေါ်) အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကို မြန်မာနိုင်ငံအပါအဝင် ဘရူးနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှား စုစုပေါင်း ၈ နိုင်ငံတို့မှ အားကစားသမား ၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၃ ခု၊ စုစုပေါင်းဆုတံဆိပ် ၇ ခု ရယူပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ဂုဏ်ပြုဆုငွေများ ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုသည်လည်း လူတစ်ဦးချင်းစီအတွက် အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလ နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲထည့်သွင်း ကျင်းပမှုမရှိခဲ့ခြင်းကြောင့် အဖွဲ့ချုပ်က ဖိတ်ခေါပြိုင်ပွဲအနေဖြင့် အားဖြည့်ဆောင်ရွက်သည့် ပြိုင်ပွဲဟုသိရပါကြောင်း။

ဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကာ နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ကြသူများ ဖြစ်ကြသည့်အပြင် နိုင်ငံအလိုက် ထိုက်သင့်သည့်အဆင့်တစ်ခုကို ရယူပေးနိုင်ခဲ့သည့် မသန်စွမ်းအားကစားသမားများနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ (ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို မှတ်တမ်းတင်ပြီး ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ပါကြောင်း။

ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် ပြိုင်ပွဲအောင်မြင်စေရေးအတွက် ပံ့ပိုး ကူညီပေးကြသည့် လုပ်ငန်းရှင်များ၊ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကလည်း ဆက်လက်အားပေး ချီးမြှောက်ပေးကြရန် မှာကြားလိုပါကြောင်း၊ ဆုတံဆိပ်များရရှိအောင် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကလည်း မိမိတို့၏ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များနှင့် ပေါင်းစပ်ပြီး နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခုထက်ပိုမိုအောင်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြရန် အလေးအနက်တိုက်တွန်း မှာကြားလိုပါကြောင်း။

မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလည်း “မသန်လည်းလူ သန်လည်းလူ စွမ်းဆောင်မှုသာ အဓိက” ဆိုသည့် အဖွဲ့ချုပ်၏ ဆောင်ပုဒ်နှင့်အညီ မိမိတို့၏အားကစားသမားများကို မြန်မာလူမျိုးတို့၏ အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်၊ နိုင်ငံနှင့် လူမျိုးကိုချစ်သည့် အမျိုးသားရေးစိတ်ဓာတ် တို့ကိုမွေးမြူပြီး ဆက်လက်လေ့ကျင့်သွားစေရေး တွန်းအားပေးကြပ်မတ် ဆောင်ရွက်သွားကြရန်၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမား မောင်မယ်များအနေဖြင့်လည်း လာမည့်အားကစားပြိုင်ပွဲများ၌လည်း ယခုထက် ပိုမိုအောင်မြင်မှုရရှိရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓာတ်၊ စည်းကမ်းတို့ဖြင့် ရေကုန်ရေခမ်း ဆက်လက်အားထုတ် ကြိုးပမ်းကြပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ရေး လေ့ကျင့်ယှဉ်ပြိုင် သွားကြရန်အလေးအနက်ထား တိုက်တွန်းမှာကြား လိုပါကြောင်း ဖြင့်ပြောကြားသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

ထို့နောက် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေကူးအားကစားနည်းတွင် ရွှေတံဆိပ် ၂ ခုနှင့် ငွေတံဆိပ် ၂ ခုရရှိခဲ့သည့် မောင်အောင်မြင့်မြတ်၊ ပြေးခုန်ပစ်အားကစားနည်း၊ မီတာ ၈၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် မီတာ ၄၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် ဒုတိယတပ်ကြပ် မောင်လင်း၊ သံလုံးပစ်ပြိုင်ပွဲနှင့် လှံတံပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၂ ခုနှင့် သံပြားပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် တပ်ကြပ်ကြီး တင်ညို၊ သံလုံးပစ်ပြိုင်ပွဲနှင့် သံပြားပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၂ ခုနှင့် လှံတံပစ်ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုရရှိခဲ့ သည့် မထက်ထက်အေး၊ သံလုံးပစ်ပြိုင်ပွဲနှင့် လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုရရှိခဲ့သည့် မစိန်ဖော့၊ ပြေးခုန်ပစ်အားကစားနည်း မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ မီတာ ၄၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုနှင့် မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုရရှိခဲ့သည့် တပ်ကြပ်စိုးပေ၊ ရေကူးအားကစားနည်း မီတာ ၅၀ ရင်ဘောင်တန်းကူး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ မီတာ ၁၀၀ ပက်လက်ကူး ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် မောင်မင်းထူး၊ သံလုံးပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ သံပြားပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်အောင်ဘုန်းမြတ်၊ သံပြားပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် ဒုတိယ တပ်ကြပ် အောင်ထွန်းလင်း၊ သံပြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုရရှိခဲ့သည့် ဒုတိယ တပ်ကြပ် ရဲမင်းစိုး၊ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု ရရှိခဲ့သည့် မောင်ငြိမ်းချမ်းတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြေးခုန်ပစ် အားကစားနည်း၊ အလျားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ မီတာ ၄၀၀ ပြိုင်ပွဲ တွင် ငွေတံဆိပ် ၁ ခုနှင့် မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မဝေဝေသင်း၊ အလျားခုန်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ မီတာ ၄၀၀ ပြိုင်ပွဲ တွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် မလော်လာဝင်း၊ သံလုံးပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ လှံတံပစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်စည်သူထက်၊ အလေးမအားကစားနည်းတွင် ငွေတံ ဆိပ် ၂ ခုရရှိခဲ့သည့် မငြိမ်းစန္ဒာအောင်တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော်အရာရှိကြီးများက ငွေတံဆိပ်၊ ကြေးတံဆိပ် ဆုများရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ကျေးဇူးတင်စကားပြန်လည်ပြောကြား

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရအားကစားသမားများကိုယ်စား ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိခဲ့သည့် အားကစားသမား တပ်ကြပ် စိုးပေနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်ငြိမ်းချမ်းတို့က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် တစ်ဦးချင်း ပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများ၌ ကြေးတံဆိပ် ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ် ရရှိခဲ့ပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ၊ အသင်းလိုက်ပြိုင်ပွဲများ၌ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ် ရရှိခဲ့ပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ် သိန်း ၃၀ စီပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်း ချီးမြှင့်ငွေအနေဖြင့် ငွေကျပ် ၁၂၂၉၅ သိန်းဖြစ်ကြောင်းနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ (ဖိတ်ခေါ်) ကာယဗလ နှင့်ကာယကြံ့ ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၇၀ ၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၅၀၊ နည်းပြများ နှင့်အုပ်ချုပ်သူများကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်းဖြစ်သဖြင့် ယနေ့ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဂုဏ်ပြုဆုငွေချီးမြှင့်မှု စုစုပေါင်းမှာ ငွေကျပ် ၁၂၈၀၅ သိန်း ဖြစ်ကြောင်း သတင်းရရှိသည်။