အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာမသန်စွမ်းအားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန်၊ ဇွန်လ (၁၁)ရက်။

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဇွန်လ( ၃ ) ရက်နေ့ မှ( ၉ ) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့်(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အောင်ပွဲရ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သော အားကစား အဖွဲ့သည် ယမန်နေ့ည(၈း၃၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်အမှတ် UB-7016 မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးဌား‌)လေယာဉ် ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများ၊မိဘပြည်သူများက အိုးစည်း ၊ ဒိုးပတ်များ ၊ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့တွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်(၁၂)ဆု၊ငွေတံဆိပ်(၁၃)ဆု၊ကြေးတံဆိပ် (၁၀)ဆု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၃)ဆု၊ငွေတံဆိပ်(၆)ဆု၊ကြေးတံဆိပ် (၄)ဆု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ် (၂)ဆု၊ စစ်တုရင် အားကစားနည်းမှ ကြေးတံဆိပ်(၂)ဆု၊ Goalball(မျက်မမြင်) အားကစားနည်းမှ ကြေးတံဆိပ်(၁)ဆု စုစုပေါင်း ရွှေတံဆိပ်(၁၅)ဆု၊ ငွေတံဆိပ်(၂၂)ဆု၊ ကြေးတံဆိပ်(၁၉)ဆု ဆုတံဆိပ်ပေါင်း (၅၆)ဆု ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၆)ရရှိခဲ့ကြောင်း သိရှိရသည်။