အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၁)ခုနှင့် ဂိုးလ်ဘောအားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ ဇွန်(၉)။

၂၀၂၃ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပပြုလုပ်ခဲ့ရာ  Techo National Aquatic Stadium Centre ၌ ကျင်းပလျက်ရှိသည့် ရေကူးအားကစားနည်းမှ အမျိုးသား မီတာ(၁၀၀)အလွတ်ကူး(S6)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်အောင်မြင့်မြတ်က ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ Olympic indoor Stadium ၌ ကျင်းပ လျက်ရှိသည့် ဂိုးလ်ဘောအားကစားပြိုင်ပွဲ တတိယလုပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက မလေးရှားအသင်းကို (၁၄)ဂိုး-(၄)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး တတိယ (ကြေးတံဆိပ်)ဆုကို ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများ အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံမှ ရေကူးအားကစားနည်း အသင်းအုပ်ချုပ်သူ ဒုတိယဗိုလ်မှူးကြီး လောဟာအောင်နှင့် တာဝန်ရှိသူများက အသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင်စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ မျက်မမြင်ဂိုးလ်ဘော၊ ဘောလုံး၊ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်(၁)ခု၊ ကြေး တံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၁၅)ခု၊ ငွေတံဆိပ်(၂၂)ခု၊ ကြေးတံဆိပ်(၁၉)ခု၊ စုစုပေါင်းဆုတံဆိပ်(၅၆)ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။