အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၄) ခု၊ ကြေးတံဆိပ်(၂)ခုနှင့် အလေးမအားကစားနည်းမှ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခု ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ ဇွန်(၇)။

၂၀၂၃ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ဒေသစံတော်ချိန်(၉)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပပြုလုပ်ခဲ့ရာ Morodok Techonational Stadium Complex ၌ ကျင်းပလျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်း အမျိုးသား သံပြားပစ်(T63)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်အောင်ထွန်းလင်းက ပထမ (ရွှေတံဆိပ်)ဆုနှင့် မောင်တင်ညိုက ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား မီတာ (၄၀၀) (T64)ပြိုင်ပွဲတွင် မောင်လင်းမှ ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ(၂၀၀) (T44)ပြိုင်ပွဲတွင် မဝေဝေသင်းက ဒုတိယ (ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား လှံတံပစ်(F56) ပြိုင်ပွဲတွင် မောင်စည်သူထက်က ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား မီတာ(၄၀၀) (T64) ပြိုင်ပွဲတွင် မောင်စိုးပေက တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ ၂၀၀ (F47) ပြိုင်ပွဲတွင် မနန္ဒာလင်းက တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ National Paralympic Committee Hall ၌ ကျင်းပလျက်ရှိသည့် အလေးမအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်ဝင်းဆန်းအောင်သည် အလေးမအားကစားနည်း အမျိုးသား Total Lift (၇၂)ကီလိုတန်း ပြိုင်ပွဲတွင် ဒုတိယ(ငွေတံဆိပ်ဆု)နှင့် အမျိုးသား Best Lift ပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်ဆု)ကို လည်းကောင်း၊ အမျိုးသား Total Lift (၈၀)ကီလိုတန်းပြိုင်ပွဲတွင် မောင်မင်းဇော်ဝင်းက တတိယ(ကြေးတံဆိပ်ဆု)ကို လည်းကောင်း၊ ဆုတံဆိပ်များ အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများ အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အဖွဲ့သည် Morodok Techonational Stadium Elephant Hall 1 ၌ ကျင်းပလျက်ရှိသည့် ထိုင်လျက် ဘော်လီဘော(အမျိုးသား)အုပ်စုပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင်စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ အလေးမ၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၅)ခုနှင့် ကြေးတံဆိပ်(၄)ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင်စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ ဂိုးလ်ဘော၊ အလေးမ၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၇)ခု၊ ငွေတံဆိပ်(၁၄)ခုနှင့် ကြေးတံဆိပ်(၉)ခု၊ စုစုပေါင်းဆုတံဆိပ်(၃၀)ခု ဆွတ်ခူးရရှိထားပြီဖြစ်ကြောင်း သိရသည်။