အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် Essay and Presentation ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၂၇)။

အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်တက်လာစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးရုံးခန်း၌ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် Essay and Presentation ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အရာထမ်း/အမှုထမ်းများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

အခမ်းအနား၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်ထောင်စု” ဟူသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများကို စုစည်းပြီး စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သော စကားစုဖြစ်ပါကြောင်း၊ ပြည်မနှင့်တောင်တန်းဒေသပြည်နယ်များ ပူးပေါင်းရေး သဘောတူညီချက်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့၌ ပင်လုံစာချုပ်ပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိဘဝတိုးတက်ရေးနှင့် ဌာနတိုးတက်ရေးအတွက် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပညာဝမ်းစာများကို အစဉ်အမြဲ ဖြည့်တင်းလေ့လာနေရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရာထူးအဆင့်အလိုက် ပခုံးပြောင်းလက်ဆင့်ကမ်း တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများသည် ဆရာထက်ပိုတော်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်နှင့် မိမိတို့တာဝန်ကျရာ လုပ်ငန်းနယ်ပယ်တွင်  ပိုမိုတိုးတက်အောင်မြင်လာစေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ အရည်အချင်းတိုးတက်အောင် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် IT နည်းပညာများ၊ အင်္ဂလိပ်ဘာသာစကားနှင့် ပြင်ပစာပေဗဟုသုတများကိုလည်း အမြဲလေ့လာဆည်းပူးနေရမည်ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီပြီး ညီအကိုမောင်နှမစိတ်ဓာတ်ဖြင့် လုပ်ငန်းများအောင်မြင်တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးရဲလွင်က အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ဝန်ထမ်း များ၏ အင်္ဂလိပ်စာအရည်အသွေး ပိုမိုတိုးတက်လာစေရန် ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အားလပ်ချိန်များတွင် အသိပညာဗဟုသုတများရရှိစေသော စာအုပ်စာပေများကို လေ့လာဖတ်ရှုရမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့်လည်း ဝန်ထမ်းများ၏ အင်္ဂလိပ်စာစွမ်းရည်တိုးတက် လာစေရန် အင်္ဂလိပ်စာ (4 Skills) သင်တန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များ အနေဖြင့် မိမိတို့၏ အားသာချက် အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းနှင့်သက်ဆိုင်သည့် ပညာဝမ်းစာများကိုလည်း ဖြည့်တင်းလေ့လာထားရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် Essay ပြိုင်ပွဲတွင် ဦးစိုးမင်း(ရုံးအုပ်)၊ ဒေါ်ဇင်မာဦး(ဦးစီးမှူး-ကွန်ပျူတာ)၊ ဒေါ်ဝါဝါဝင်း (ဦးစီးမှူး-ကွန်ပျူတာ)၊ ဒေါ်ကြည်ကြည်မေ(ဌာနခွဲစာရေး)နှင့် ဒေါ်အိအိသက်(အငယ်တန်းစာရေး)တို့မှ Union Day ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသူများကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ဒိုင်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးမှ ဦးအောင်မြတ်ကိုကို(အားကစားမှူး)နှင့် ဒေါ်မို့မို့ဟိန်းကိုကို(အားကစားမှူး)တို့အား ညွှန်ကြားရေးမှူး ဦးရဲလွင်မှ အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။