အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ဖေဖော်ဝါရီ (၆)ရက်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ A-3000၊ ပိုက်ကျော်ခြင်းကလပ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ အားကာစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူးဦးဌေးအောင်၊ ပြည်ထောင်စုနယ်မြေ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက််ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးနေမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှ စတင်၍ ကျင်းပပေးခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ပဉ္စမအကြိမ်မြောက် ကျင်းပပေးခဲ့တာ ဖြစ်ပါကြောင်း၊ ယခုလိုပြိုင်ပွဲများကျင်းပပေးပြီး ထူးချွန်သောအားကစားသမားများကို ရွေးချယ်ကာ နေပြည်တော်ကောင်စီ ဥက္ကဌဖလားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်သွားစေမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ထူးချွန်ထက်မြက်သော အားကစားသမားလူငယ်များ ပေါ်ထွက်လာရေးကို အောက်ခြေအဖွဲ့အစည်းအဆင့်ဆင့်ဖြစ်တဲ့ ကျေးရွာ၊ ရပ်ကွက်များမှ ရှာဖွေလေ့ကျင့်မွေးမြူပြီး မြို့နယ်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံလက်ရွေးစင်အဆင့် ရောက်ရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆထက်ထမ်းပိုးကြိုးစားပြီး ဆောင်ရွက်သွားကြမှာဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမားများအနေဖြင့်လည်း ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်အတိုင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစား လောကတိုးတက်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အားကစား စိတ်ဓာတ်ရင့်သန်ခိုင်မာစေရေး နိုင်ငံတော်ရဲ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေးတို့အတွက် ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းများ ဖြစ်မြောက်အောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြပါဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။ အဆိုပါ (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်းပေါင်း (၁၂) သင်း ဝင်ရောက် ယှဥ်ပြိုင်သွားကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ နေ့စဥ် မွန်းလွဲ ၃ နာရီအချိန်တိုင်း ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ပါသည်။