အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက်ရရှိရေးအစီအမံများ ညှိနှိုင်း အစည်းအဝေးကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ(၁)ရက်။

နိုင်ငံတော်အတွက် အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အားကစားဖြင့် နိုင်ငံ့ဂုဏ် မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက်ရရှိရေး အစီအမံများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာ (သိပ္ပံ)ကျောင်းအုပ်ကြီးများ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများအားလုံး Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုကာလသည် Covid-19 ကာလဖြစ်၍ တက်ရောက်ကြသူဝန်ထမ်းများအားလုံး ကျန်းမာရေးကိုအထူးဂရုစိုက် နေထိုင်ကြပြီး နိုင်ငံတော်မှ ချမှတ်ပေးထားသော Covid-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်၍ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းများ ဘဝနောင်ရေးအာမခံချက် ရရှိစေရေးသည် နိုင်ငံတော်မှ အထူးအလေးပေးဆောင်ရွက်ရန် မူဝါဒ ချမှတ်ထားပါကြောင်း၊ အားကစားသမားများ ဘ၀ရည်မှန်းချက်၊ ဘ၀အာမခံချက် လုံလုံလောက်လောက် မရှိပါက လက်ရှိကြိုးစား ဆောင်ရွက်နေမှုများတွင် စိတ်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု အားနည်းသွားမည်ဖြစ်ပါကြောင်း၊ ယခုတာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများသည် အားကစားပိုင်းတစ်ခုခု ကျွမ်းကျင်သော အားကစားဝန်ထမ်းများဖြစ်၍ အားကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်အား နားလည်မည်ဟု ယူဆပါကြောင်း၊ ယခုပြုလုပ်မည့် စီမံချက်သည် အားကစားလောကတွင် အမှန်တကယ် လုပ်ဆောင်သင့်သည့် အစီအမံဖြစ်ပါကြောင်း၊ ယခင်အကောင်အထည်ဖော်ထည်မှုများကို အသိအမှတ်ပြု၍ ဆက်လက် ကောင်းသထက်ကောင်းအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အားကစား သမားတစ်ယောက်သည် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ရန် ဘဝသက်တမ်း တစ်လျှောက်လုံး အားကစားမှာ စိတ်ရောကိုယ်ပါ နှစ်မြှူပ်ပြီး ကြိုးစားဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပါကြောင်း၊ ယခုအခါ အားကစားသမားဟောင်းများသည် အနားယူပြီး မကစားနိုင်ချိန်တွင် အများစုမှာ အထောက်အကူမဲ့ ချို့တဲ့စွာ နေထိုင်နေရပါကြောင်း၊ ထိုသို့ အခြေအနေတွင် အားကစားသမားဟောင်းများအား နိုင်ငံတော်အနေနှင့် တစ်စိတ်တစ်ပိုင်းမှာ အထောက်အကူ အသိအမှတ်ပြု ဆောင်ရွက်ပေးမည်ဆိုပါက လက်ရှိအားကစားသမားများအနေနှင့် နိုင်ငံတော် အတွက် ကြိုးစားရာတွင် တစ်ချိန်မှာ မိမိတို့အား နိုင်ငံတော်မှ ပြန်လည်ကြည့်ရှု၍ နောင်ရေးစီမံ ဆောင်ရွက်ပေးထားသည်ဟူသော အသိရှိလာပါက ယခင်ထက် ပိုမိုယုံကြည်ချက် မြင့်မားပြီး နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများကို မည်သို့ကူညီ ဆောင်ရွက်ပေးသင့်ကြောင်းကို ဝိုင်းဝန်းအကြံပြု ပေးရန် လိုအပ်ပါကြောင်း၊ ပထမအချက် အနေနှင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားဟောင်းကြီး များအား ထောက်ပံ့ ပံ့ပိုးမှုသည် တစ်ပိုင်းဖြစ်ပါကြောင်း၊ ဒုတိယအချက်အနေနှင့် လက်ရှိ အားကစားသမားများ နိုင်ငံတော်အတွက် ကြိုးစားနေသူများအား မည်ကဲ့သို့ စီမံဆောင်ရွက် ပေးသင့်သည် ဟူသောအချက်ကို ဝိုင်းဝန်းစဉ်းစားပေးရန် လိုပါကြောင်း၊ ရရှိလာသော ရလဒ်များ အား နိုင်ငံတော်သို့ တင်ပြပြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးမျိုးလှိုင်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား နိုင်ငံတကာမှ ထောက်ပံ့ထားရှိမှု အခြေအနေ အသီးသီးအား ရှင်းလင်းတင်ပြရာ အာရှထိပ်သီး နိုင်ငံဖြစ်သော တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံများ ထောက်ပံ့မှု အခြေအနေများကိုလည်းကောင်း၊ အာဆီယံမှ ထိုင်း၊ စင်္ကာပူ၊ မလေးရှားနိုင်ငံများ၏ စီစဉ်ထောက်ပံ့ ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံ Asian Game ၊ SEA Games ဆုရရှိသူများအား ထောက်ပံ့နေမှု အခြေအနေများကိုလည်းကောင်း၊ ယခုအခါ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများ လစဉ်ပင်စင်အဖြစ် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သူ (၁၄)ဦး၊ ငွေတံဆိပ် ရရှိခဲ့သူ (၅)ဦး၊ ကြေးတံဆိပ်ရရှိခဲ့သူ(၆)ဦးနှင့် SEA Game ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁၀)ခုနှင့် အထက် ရရှိခဲ့သူ(၃)ဦး၊ (၅)ခုနှင့် (၉)ခုအကြားရရှိသူ(၅)ဦး၊ ရွှေ(၁)ခုနှင့် (၄)ခုအကြားရရှိသူ (၉၃)ဦး ရှိပါကြောင်း၊ ၎င်းတို့အားလစဉ် (၃)သိန်း၊ (၂)သိန်း၊ (၁)သိန်းချီးမြှင့်ရန် လျာထားပါကြောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ရန်ပုံငွေမှလည်း နှစ်စဉ် အားကစားသမား ဟောင်းများအသင်းထံသို့ ပံ့ပိုးထောက်ပံ့နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆုံးဖြတ်ပေးစေလိုကြောင်းနှင့် လက်ရွေးစင်အားကစား သမားများ အသင်းရန်ပုံငွေသို့ ဖြည့်ဆည်းဆောင်ရွက်ရန် စီစဉ်နိုင်ပါကြောင်း၊ အားကစားအဖွဲ့ချုပ် ဥက္ကဌများ၏ အစီအစဉ်ဖြင့် ဆုတံဆိပ်ရရှိမှုအပေါ် မူတည်ပြီး စီစဉ်ထောက်ပံ့ပေးနိုင်ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လက်ရှိနိုင်ငံ့လက်ရွေးစင် ကစားသမားများအား အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများအားလည်းကောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိပါက ဝန်ထမ်းဆုချီးမြှင့် ရာထူးတိုးမြှင့်ခြင်း အစီအစဉ်များ၊ ပညာရေးဝန်ကြီးဌာန၏ ကာယဆရာ၊ ဆရာများခန့်အပ်ထားရှိမှု အခြေအနေများ၊ ယခုနောက်ပိုင်း ပညာရေးဝန်ကြီးဌာန၏ ပညာရေးအရည်အချင်း ကန့်သတ်ချက်ကြောင့် ခန့်အပ်နိုင်မှုမရှိခြင်း၊ ယခုအခါ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ မကျင်းပနိုင်မှု အခြေအနေများကြောင့် ဝန်ကြီးဌာနများ အားကစားသမားများအား ဝန်ထမ်းအဖြစ် ခန့်အပ်မှုမရှိတော့သည့် အခြေအနေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီများတွင် ဝန်ထမ်းအဖြစ် ခန့်အပ်ထားရှိမှုအခြေအနေများ၊ နိုင်ငံ့လက်ရွေးစင်ဟောင်းများကို နည်းပြအဖြစ် ခန့်အပ်ထားရှိမှု အခြေအနေများ၊ အားကစားသမားဟောင်းများအား ပင်စင်အဖြစ် ဆုတံဆိပ်ရရှိမှုပေါ်မူတည်ပြီး လစဉ်ပေးအပ်နိုင်ရေး ဘတ်ဂျက်ရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစား သမားများ စာရင်းကောက်ယူရရှိမှု အခြေအနေများကိုလည်းကောင်း၊ ဆက်လက်၍ အားကစား သမားများ ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများပြန်လည်ကျင်းပခြင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌဖလား ပြိုင်ပွဲများ ပြန်လည်ကျင်းပခြင်း၊ အားကစားအဖွဲ့ချုပ် ဥက္ကဌပြိုင်ပွဲများ အောင်မြင်စွာ ပြန်လည်ကျင်းပ၍ ဝန်ကြီးဌာနအသင်းများ ပါဝင်ယှဉ်ပြိုင် စေခြင်းဖြင့် လက်ရှိအားကစားသမား များ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ဘဝနောင်ရေး အာမခံချက်ရရှိမည် ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများတွင် ကိုယ်ပိုင်သင်ရိုးရေးဆွဲ၍ ပညာသင်ကြားစေခြင်း ဖြင့် အားကစားသမားများ ပညာရေး အားနည်း ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးအခမဲ့ ကုသမှုအစီအစဉ် ဆောင်ရွက်နိုင်ရေး၊ အားကစားသမား ဟောင်းများတွင် အိုမင်းမစွမ်း ပြုစုသူမရှိသူများအတွက် ဘိုးဘွားရိပ်သာ သီးသန့်ထားရှိနိုင်ရေး ကိစ္စရပ်များ ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်း ဥက္ကဌ ဦးနန္ဒကျော်စွာမှ ယခင်အားကစားသမားဟောင်းများသည် ငယ်စဉ်က အားကစားကိုသာ ချစ်မြတ်နိုးစွာခုံမင်၍ ဘဝကိုမြှူပ်နှံ ကြိုးစားခဲ့သူများဖြစ်သောကြောင့် အားကစားသမားများ အများစုမှာ ပညာရေး နိမ့်ကျခဲ့ရပါကြောင်း၊ သို့ဖြစ်၍ အားကစားပြုလုပ်နေစဉ် ကာလတွင် အလုပ်အကိုင်ရရှိခဲ့သော်လည်း အနားယူချိန်တွင် ဘဝတိုးတက်ရေး အခက်အခဲ့ရှိခဲ့ပါကြောင်း၊ အားကစားသမားဟောင်းများသည် ဘာမျှော်လင့်ချက်မှ မထားဘဲ နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားစိတ်ဖြင့် ဘဝကိုရင်း၍ ကစားခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားသမားဟောင်းများအား ယခုကဲ့သို့ ကူညီထောက်ပံ့မှု မျိုးကို ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် မိမိတို့၏ အားကစားသမားများ စွန့်လွှတ်စွန့်စားမှုကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတကာ ဆုရရှိမှုပေါ်တွင်လည်း ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် အသိအမှတ်ပြု ချီးမြှင့်စေလိုပါကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတကာလက်ရွေးစင် အားကစားသမားဟောင်းများအသင်း အတွင်းရေးမှူး ဦးစိုးသိန်းမှ လက်ရှိနိုင်ငံ့အားကစားသမားဟောင်းများအား ထောက်ပံ့ပေးမှု အစီအစဉ်များဖြင့် လက်ရှိအားကစားသမားများ ဘဝနောင်ရေးအတွက် ကြိုတင်စီမံ ထောက်ပံ့နိုင်ရေး အစီအစဉ်များကိုတင်ပြဆွေးနွေးပါသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများဖြစ်သော ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများမှ အထွေထွေဆွေးနွေးချက်များအဖြစ် အားကစားနည်းအလိုက် တဖြည်းဖြည်းခြင်း ဆုကြေးစားစနစ်သို့ ကူးပြောင်းနိုင်ရေး အစီအစဉ်များ၊ မသန်စွမ်းအားကစားသမားများအား ဖြည့်စွက်ထောက်ပံ့ပေးနိုင်ရေး အစီအစဉ်များ အားကစား သမားဟောင်းများတွင် ကျန်းမာရေးအာမခံချက် ထားရှိဆောင်ရွက်နိုင်ရေး အစီအစဉ်များ၊ ဝန်ကြီးဌာနပြိုင်ပွဲများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနပေါင်းစုံပြိုင်ပွဲများ၊ တစ်နိုင်ငံလုံး ပြန်လည် ကျင်းပနိုင်ရေး အစီအစဉ်များ ယခုကဲ့သို့ ထောက်ပံ့မှု အစီအစဉ်များအား အစဉ်အမြဲ တည်ရှိစေရေးအတွက် အားကစားဥပဒေရေးဆွဲရေး အစီအစဉ်များ၊ အားကစားသမားများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ပတ်သက်၍ ပညာအရည်အချင်း လျော့ပေါ့ပေးနိုင်ရေး အစီအစဉ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် အသက်(၁၇)နှစ်မှ (၂၀)အတွင်း အားကစားနည်းအလိုက် လူငယ်အားကစား လေ့ကျင့်ရေး ပျိုးထောင်မှု အစီအစဉ်များထားရှိရေး ကိစ္စရပ်များကိုဝိုင်းဝန်းဆွေးနွေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့အားကစားသည် ယခုအခါ ဆယ်စုနှစ် နိမ့်ကျလျက် ရှိနေသောကြောင့် ပြန်လည်ဦးမော့နိုင်ရေး ဆောင်ရွက်ရာတွင် ချက်ချင်း လွယ်ကူမည်မဟုတ်ဘဲ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်လာမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အသက်(၁၅)နှစ် (၃၀)အတွင်းရှိ လူငယ်များမှာ အားကစားကို ပြန်လည်စိတ်ဝင်စားလာအောင် ဦးစွာဆောင်ရွက်ရမည် ဖြစ်ပြီး ထိုမှသာလူငယ်များ အားကစားကို ချစ်မြတ်နိုးစိတ်၊ နိုင်ငံကို ချစ်မြတ်နိုးစိတ်၊ လူမျိုးကို ချစ်မြတ်နိုးစိတ်တွေ ပိုမိုရှင်သန်လာနိုင်အောင် ကြိုးစားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်ရမည် မဟုတ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားအဖွဲ့ချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ အားလုံးပူးပေါင်း ဆောင်ရွက်မှရရှိမည်ဖြစ်ပါကြောင်း၊ ပြန်လည်ကျင်းပမည့် အားကစားပြိုင်ပွဲများအား တစ်ကယ့် ပြိုင်ပွဲ အပေါ်ယံ သဘောဘဲမဟုတ်၊ အနှစ်သာရပြည့်ဝသော ပြိုင်ပွဲအဖြစ် ပြန်လည်ကျင်းပနိုင်ရေးအား အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။