အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇန်နဝါရီလ (၁၀)ရက်။

ဘတ်စကက်ဘောအားကစားနည်းအား မြန်မာနိုင်ငံတစ်ဝှမ်းကျယ်ပြန့်စွာလှုပ်ရှားကစားစေခြင်းဖြင့် ဘတ်စကက်ဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက်လည်း ကောင်း၊ ပြိုင်ပွဲများစဉ်ဆက်မပြတ်ကျင်းပပေးခြင်းဖြင့်မျိုးဆက်သစ်အားကစားသမားများဘတ်စကက်ဘောအားကစားစွမ်းရည်တိုးတက်မြင့်မားပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်အဆင့်အထိရောက်ရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဌ ဦးအိုင်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြား၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr.ChenHai က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နာယက၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဌ ၊ ယူနန်အသင်းဥက္ကဌ၊ ဖူကျန့်အသင်းဥက္ကဌ၊ ကွမ်တုန်းအသင်းဥက္ကဌ၊ ကုသိုလ်ဖြစ်အသင်းဥက္ကဌ၊ CECCM အသင်းဥက္ကဌ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများကပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။

အဆိုပါချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲတွင်ကွင်းတစ်ဝက်ကစားရသည့် 3 on 3 အသက် ၂၀ နှစ်နှင့်အောက်ပြိုင်ပွဲတွင်အမျိုးသားအသင်း၂၀သင်း၊ အမျိုးသမီးအသင်း၇သင်း၊ အလွတ်တန်းအမျိုးသားပြိုင်ပွဲတွင်၂၁သင်း၊ အလွတ်တန်းအမျိုးသမီးပြိုင်ပွဲတွင်အသင်း၆သင်း၊ 5 on 5 အလွတ်တန်းအမျိုးသားပြိုင်ပွဲတွင် အသင်း၁၇သင်း၊ အမျိုးသမီးအသင်း၅သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

ယင်းချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲ၏ 3 on 3 အသက် ၂၀ နှစ်နှင့်အောက်အမျိုးသားပြိုင်ပွဲမှအသင်း ၂၀ သင်းအားအုပ်စုလေးစုဖြင့်လည်းကောင်း၊ 3 on 3 အသက် ၂၀ နှစ်နှင့်အောက်အမျိုးသမီးပြိုင်ပွဲမှအသင်း၇သင်းအားအုပ်စုနှစ်အုပ်စုဖြင့်လည်းကောင်း၊ 3 on 3 အမျိုးသားအလွတ်တန်းပြိုင်ပွဲမှ အသင်း ၂၁ သင်းအား အုပ်စုလေးစုဖြင့်လည်းကောင်း၊ 3 on 3 အမျိုးသမီးအလွတ်တန်းပြိုင်ပွဲမှ အသင်း၆သင်းအား အုပ်စုနှစ်စုဖြင့်လည်းကောင်း၊ 5 on 5 အလွတ်တန်းပြိုင်ပွဲအမျိုးသားပြိုင်ပွဲမှ အသင်း ၁၇ သင်းအား အုပ်စုလေးစုဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး 5 on 5 အလွတ်တန်းအမျိုးသမီးပြိုင်ပွဲမှအသင်း ၅ သင်းသည်ပတ်လည်စနစ်ဖြင့်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌများ ၊ အမှုဆောင်များနှင့် တာဝန်ရှိသူများက U-20 အလွတ်တန်း(အမျိုးသား/အမျိုးသမီး) (3×3) ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိကြသူများ၊ U-20 (3×3) အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသောစစ်ကိုင်းတိုင်းဒေသကြီးအသင်း ၊ U-20 (3×3) အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသောPorabolaအသင်း ၊ အလွတ်တန်း (3×3) အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသောSuluckDalivaryအသင်းနှင့် အလွတ်တန်း (3×3) အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသော TawGang အသင်းတို့အား ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးအမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှ ၁၇ ရက်ထိ ပြိုင်ပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးအသင်း၃၈သင်းအားကစားသမား၅၀၀ကျော် ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။