အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training) ပြုလုပ်ရန်သွားရောက်မည့် အားကစားအဖွဲ့များနှင့်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ(၁၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက G to G အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training)ပြုလုပ်ရန် သွားရောက်မည့် အားကစားအဖွဲ့များနှင့် တွေ့ဆုံသည့်အခမ်းအနားအား  ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးအား မြန်မာအားကစားအဖွဲ့များမှ အဖွဲ့လိုက် ဂါရဝပြုမိတ်ဆက်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လမ်းညွှန်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်၌ အားကစားနည်း(၁၁)နည်းနှင့် ရန်ကုန်မြို့၌ အားကစားနည်း(၆)နည်းတို့ဖြင့် စခန်းသွင်းလေ့ကျင့်မှုများကို စနစ်တကျပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ အရည်အသွေး၊ အရည်အချင်းများ ပိုမိုတိုးတက်လာစေရန်အတွက် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် အားကစားနည်းများအနက်မှ ဘော်လီဘော၊ ဝူရှူး၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့အားကစားနည်းများမှ အုပ်ချုပ်/နည်းပြ(၁၅)ဦး၊ အားကစားသမား ကျား(၅၂)ဦး၊ မ(၃၄)ဦး၊ စုစုပေါင်း(၁၀၁)ဦးတို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှု (Joint Training)ပြုလုပ်ရန် (ပထမအသုတ်)အနေဖြင့် နိုဝင်ဘာလတွင် စေလွှတ်သွားမည်ဖြစ်ပါကြောင်း၊ SEA Games ပြိုင်ပွဲတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရာ၌ အမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်စေရန်နှင့် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိစေရန်အတွက် Joint Training စေလွှတ်ပေးရခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက်လာစေရန် Joint Training ကာလအတွင်း လေ့ကျင့်မှုများပြုလုပ်ရာ၌ စိတ်ရောကိုယ်ပါနှစ်ပြီး အစွမ်းကုန်ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း အခက်အခဲတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူများထံ ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း၊ သို့မှသာ မိမိတို့အနေဖြင့် အမြန်ဆုံး ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားသည် လေ့ကျင့်မှု၊ သက်လုံကောင်းမှုနှင့် ကြိုးစားအားထုတ်မှုရှိမှသာလျှင် အောင်မြင်မှုဆုတံဆိပ်များကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားသမားအချင်းချင်း အသင်းအဖွဲ့ စိတ်ဓါတ်ရှိပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီရိုင်းပင်းကာ  ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကိုလိုက်နာ၍ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်တို့ဖြင့် အားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင် အားကစားသမားကောင်းများဖြစ်လာအောင် အထူးကြိုးစားသွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ အားကစားကို အားပေးပံ့ပိုး ဖြည့်ဆည်းပေးနေသည့် အချိန်ကာလဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် အားကစားဖြင့် အမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ယခုအချိန်မှစ၍ အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်သွား ကြရန်လိုကြောင်း၊ ပြိုင်ပွဲများယှဉ်ပြိုင်ရာ၌ အားကစားသမားကောင်းစိတ်ဓါတ်မွေးမြူပြီး နောက်ဆုံး အချိန်အထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓါတ်တို့ဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့်တွေ့ဆုံ၍ အားကစားသည် နိုင်ငံ၏ပုံရိပ်၊ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာဖြစ်သည့်အတွက် မိမိတို့၏ အားကစားသမားများကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရန်နှင့် စည်းကမ်းလိုက်နာပြီး ထူးချွန်သည့် အားကစားသမားကောင်းများ ဖြစ်လာစေရန် အုပ်ချုပ်/နည်းပြများအနေဖြင့် ပြုစု စောင့်ရှောက်၍ လေ့ကျင့်ပျိုးထောင်ပေးသွားရမည်ဖြစ်ကြောင်း၊ Joint Training သွားရောက်လေ့ကျင့်နေသည့် ကာလအတွင်း မိမိကစားသမားများ၏ လေ့ကျင့်ရေး၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး စသည့်လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ နေ့စဉ်အစီရင်ခံစာ (Report)များ တင်ပြပေးရန်လိုကြောင်း မှာကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊  မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။