အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအားကြည့်ရှုစစ်ဆေး

ရန်ကုန်၊ စက်တင်ဘာလ(၁၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး (၁၅၀ပေx၆၀ပေ)ရှိသော အထူးတန်းပွဲကြည့်စင် တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ဖောက်လုပ်ပြီးစီးသွားသော ပြေးခုန်ပစ်၊ Systhetic ပြေးလမ်းများအနက် ပြေးလမ်းတစ်လိုင်း၌ ချို့ယွင်းပျက်စီးနေမှုအပေါ် ပြန်လည်ပြုပြင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ တည်ဆောက်နေသော ဘောလုံးကွင်း ပြီးစီးမှုအခြေအနေနှင့် ဘောလုံးကွင်းအတွင်း မြေဖို့ရာ၌ လယ်မြေအမျိုးအစားသုံး၍ အမြန်ဆုံးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီးနောက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ ရောက်ရှိလာရာ (၁၂၀ပေx ၄၀ပေ) ရှိ နှစ်ထပ်ပွဲကြည့်စင်တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေးတာဝန်ခံများအားလမ်းညွှန်မှာကြားပြီး မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်ရှိ စားရိပ်သာအား ဝင်ရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းနောက် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဖူဆယ်အားကစားကွင်းသို့ ရောက်ရှိလာရာ ဖူဆယ်အားကစားရုံသစ်တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားပြီးနောက် ဖူဆယ်ပြိုင်ပွဲကွင်းပြန်လည်ပြင်ဆင်ရန်နှင့် မုဒ်ဦးအရှေ့ရှိ ပျက်စီးချို့ယွင်းနေသော လက်မှတ်ရုံ နှင့် ဟောင်းနွမ်းပျက်စီးနေသည့် ဘောလုံးအဖွဲ့ချုပ်ဆိုင်းဘုတ်အား ဖယ်ရှားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဘောလုံးကွင်း၌ အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှု၍တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကြည့်မြင်တိုင်မြို့နယ်ရှိ စလင်းအားကစားကွင်းသို့ ရောက်ရှိပြီး (၄)ခန်းတွဲ (၄)ထပ်ဝန်ထမ်းအိမ်ယာ တည်ဆောက်မှုကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ချိန်ညှိပြီးတည်ဆောက်သွားနိုင်ရန် နှင့် ရုံးခန်းပြင်ဆင် ဆောင်ရွက်နိုင်ရေးကို တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် ပဒုမ္မာဘောလုံးအားကစားကွင်းသို့ဝင်ရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ ရောက်ရှိရာ (၁၂၀ပေx ၂၇ပေ)ရှိ အမျိုးသား ရေကူးကန်နှစ်ထပ်ပွဲကြည့်စင် တည်ဆောက်နေမှု ၊ လုပ်ငန်းခွင်နှင့်မလွတ်လပ် သည့်အပင်များနှင့်အမိုးအကာများအား ဖယ်ရှားရန်နှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများ ၊ ရေကူးကန်အတွင်း သန့်ရှင်းသာယာရေးကိစ္စရပ်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။