အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်၊ ဧပြီလ (၄) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများလိုက်ပါလျက် ယနေ့နံနက်(၇:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် သို့ ရောက်ရှိပြီး (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်စခန်းဝင်လေ့ကျင့်နေသော ကနူး/ကယက်နှင့် Rowing ကစားသမား(၂၉)ဦး၊ အုပ်ချုပ်/နည်းပြ(၇)ဦးတို့နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားကြရန်နှင့် COVID-19 ရောဂါမဖြစ်ပွားရေးအတွက် သတ်မှတ် စည်းကမ်းနှင့်အညီ သွားလာနေထိုင်စားသောက်ရေးကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလမ်းညွှန်မှာကြားကာ၊ ကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲမှ ရွေးချယ်ထားသော မျိုးဆက်သစ် အားကစားသမားများအားလည်း ထူးချွန်သော မြန်မာလက်ရွေးစင်အားကစားသမားများဖြစ်လာ အောင်ကြိုးစားကြဖို့မှာကြားပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းမှ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့မှ သြဂုတ်လ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ထိုင်လျက်ဘော်လီဘော၊ မျက်မမြင်ဂိုးလ်ဘော၊ မြားပစ် ၊ (၇)ဦးတစ်ဖွဲ့ဘောလုံး၊ ပြေးခုန်ပစ် စသည့်အားကစားနည်းများမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး အားကစားသမား စိတ်ဓါတ်အပြည့်ဖြင့် နည်းစနစ်မှန်မှန်၊ ပြင်းပြင်း ထန်ထန် အစွမ်းကုန်ကြိုးစားလေ့ကျင့်ကြရန်၊ မျှော်မှန်းဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန် နှင့် SEA Gamesပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်နေသော အားကစားသမားများနည်းတူ ထောက်ပံ့ကြေးများအား ပံ့ပိုးပေးထားပြီး ပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိလျှင်လည်း တစ်ပြေးညီ ဂုဏ်ပြုချီးမြှင့် သွားမှာဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး ဦးမင်းနိုင်ဦး၊ အမှုဆောင် ဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း) ဦးသန်းဇော် ၊ ပြေးခုန်ပစ်နည်းပြ နိုင်ငံ့ဂုဏ်ဆောင်ကစားသမားဟောင်း ဒေါ်သန်းသန်း တို့မှ တင်ပြဆွေးနွေးမှု များအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိလာရာ (၁၀)မီတာပစ္စတို၊ (၁၀)မီတာလေရိုင်ဖယ်၊ (၅၀)မီတာ Free Pistol ၊ အမျိုးသမီး (၂၅)မီတာ Sport Pistol ၊ အမျိုးသား (၂၅)မီတာ Standard Pistol ပြိုင်ပွဲများသို့ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ၏လေ့ကျင့်နေမှုများ အားကြည့်ရှုစစ်ဆေးပြီး စံချိန်တိုး တက် ကောင်းမွန်အောင် နှင့် ရရှိပြီးသော စံချိန်ထက် ထပ်မံ လျော့မသွားစေရန် ဆက်လက်ကြိုးစား သွားစေလိုကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။

ဆက်လက်၍ ဒဂုံမြောက်ရေကူးကန်သို့ ရောက်ရှိပြီး နှစ်ထပ်ပွဲကြည့်စင်ဆောက်လုပ်ရန် နေရာနှင့် ရုံးခန်း၊ အထူးတန်းပွဲကြည့်စင်၊ ကားရပ်နားမည့်နေရာများ အစရှိသည့်တို့ကို ကြည့်ရှုပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားပြီးနောက် ၊ ဒဂုံမြို့သစ်တောင်ပိုင်း ဖူဆယ်အားကစားရုံသို့ ရောက်ရှိလာရာ ပြိုင်ပွဲရုံ၏(၈၅%) ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဘောလုံးအားကစားကွင်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အုတ်တံတိုင်ကာရံခြင်း၊ မီတာ(၄၀၀)ပြေးလမ်းပါရှိရေးတို့ကို အသေးစိတ် လမ်းညွှန်မှာကြားပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်ဝင်းအတွင်းရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်သို့ရောက်ရှိလာရာ စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများအား တွေ့ဆုံ၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အားကစားသမားများအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအား ယခုအချိန်အခါတွင် ကျန်းမာရေးကို အဓိကထား၍ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်စွာဖြင့် အထူးအလေးထား ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ပဒေသာ အားကစားခန်းမ ပြင်ဆင်နေမှုအား ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင် ပြင်ဆင်ထားရှိမှုနှင့် အားကစားသမားများ(၄)ထပ်အိပ်ဆောင် များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၊ အားကစားနှင့်ကာယပညာသိပ္ပံဝင်းအတွင်း (၁၀) ခန်းတွဲ ဝန်ထမ်းအိမ်ယာ ပြီးစီးမှုအခြေအနေနှင့် အားကစားနှင့်ကာယပညာသိပ္ပံ အိပ်ဆောင်၊ (၄)ထပ်စာသင်ဆောင် ဆောက် လုပ်ရေးအတွက် မြေနေရာများ ကြည့်ရှုစစ်ဆေးပြီး ပြေးခုန်ပစ် Synthetic ပြေးလမ်း ဖောက်လုပ်ထားမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသတင်းရရှိသည်။