အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီလ(၃)ရက်။

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Sports Complex)ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသော ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ် အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို ရလဒ် (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ် အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း မှ ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်း မှ ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ရလဒ်(၃)ပွဲ (၁) ပွဲဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် အဖြစ်ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းကို ရလဒ်(၃)ပွဲ (၂) ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိမှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။

ယင်းနောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် အကောင်းဆုံး စပေးဘော ဆုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျောနံပါတ်(၇) ရဲစည်သူနှင့် ကာကွယ်ရေးဝန်ကြီး ဌာနမှ ကျောနံပါတ် (၅)ညိုလှိုင်မြင့်တို့မှလည်းကောင်း၊ အကောင်းဆုံးပင့်ထောင်ဆုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ကျောနံပါတ် (၂) မင်းဟိန်းခန့် နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျောနံပါတ်(၂) နန်းမဉ္ဇူသက္ကလှိုင်တို့မှလည်းကောင်း၊ အကောင်းဆုံးရိုက်ခုပ်ဆုကို ပြည်ထဲရေး ဝန်ကြီးဌာနမှ ကျောနံပါတ် (၁၆) တိုးမင်းမောင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ကျောနံပါတ် (၆) သက်ထားတို့မှလည်းကောင်း၊ အကောင်းဆုံးပိတ်ဆို့ဆုကို ကာကွယ်ရေးဝန်ကြီးဌာနမှ ကျောနံပါတ် (၃) ဇင်ဝိုင်းအောင် နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ကျောနံပါတ် (၁၇) သူဇာအောင်တို့မှလည်းကောင်း၊ အကောင်းဆုံးခုခံဆယ်မဆုကို ကာကွယ်ရေးဝန်ကြီးဌာနမှ ကျောနံပါတ် (၁၂) ခိုင်မင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ကျောနံပါတ် (၁၄) နန္ဒာဝင်းပြည့်တို့မှ လည်းကောင်း၊ ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုကို ကာကွယ်ရေးဝန်ကြီးဌာနမှ ကျောနံပါတ် (၉)လှိုင်ဝေကျော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ကျောနံပါတ် (၁၁)ကြူကြူလေးတို့အား ဆုတံဆိပ်နှင့်ဆုငွေကျပ်(၁)သိန်းစီ ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး  ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင်စတုတ္ထဆုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်း မှ လည်းကောင်း၊ တတိယဆုကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်း မှလည်းကောင်း၊ ဒုတိယဆုကို ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှလည်းကောင်း၊ ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ ဘော်လီဘော  (အမျိုးသား)ပြိုင်ပွဲ တွင် စတုတ္ထဆုကို ပြန်ကြားရေးဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ တတိယဆုကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းမှလည်းကောင်း၊ ဒုတိယဆုကို ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ လည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိသော ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း မှ နေပြည်တော်ကောင်စီအသင်းကို ရလဒ်(၂) ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း မှ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ရလဒ်(၂) ပွဲ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ စတုတ္ထဆုကို နေပြည်တော်ကောင်စီအသင်းမှလည်းကောင်း၊ တတိယဆုရရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်မှ လည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိသော ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းမှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ရလဒ် (၃)ဂိုး-(၂)ဂိုး ဖြင့် လည်းကောင်း၊ ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို (၆)ဂိုး-(၂)ဂိုး ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိ ခဲ့ကြပါသည်။

ဆက်လက်၍ ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ စတုတ္တဆု ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းမှလည်းကောင်း၊ တတိယဆုကို ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှလည်းကောင်း၊ ဒုတိယဆုကို ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှလည်းကောင်း ပထမဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါ သည်။

ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသော လွန်ဆွဲ (အမျိုးသား) ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ပြည်ထောင်စုရာထူးဝန်အသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုးသမီး) ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း မှ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို ရလဒ် (၂)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီးရရှိခဲ့ကြပါသည်။

ဆက်လက်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသော ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ရမှတ် (၂၁) မှတ် (၁၇)မှတ်ဖြင့်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းမှ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၂၅)မှတ် (၁၂)မှတ်ဖြင့်လည်းကောင်း၊ ဆီးမီးဖိုင်နယ် ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းကို ရမှတ် (၃၀) မှတ် (၂၇)မှတ်ဖြင့်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၄၁) မှတ် (၂၂)မှတ်ဖြင့်လည်းကောင်း၊ အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

(၄.၁.၂၀၂၂) ရက်နေ့တွင် နံနက် (၇) နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အပြေး(ကျား/မ) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

(၄.၁.၂၀၂၂) ရက်နေ့တွင် နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ လွန်ဆွဲ (အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ(အမျိုးသား) ဗိုလ်လုပွဲစဉ် အဖြစ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ(အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း နှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ (အမျိုးသမီး) ဗိုလ်လုပွဲစဉ် အဖြစ် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း တို့မှ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

(၄.၁.၂၀၂၂) ရက်နေ့တွင် နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းတို့မှလည်းကောင်း၊ (ဗိုလ်လုပွဲ) ပွဲစဉ်အဖြစ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း တို့မှ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။