အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အားကစားကွင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ အောက်တိုဘာလ (၉)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်(၈)နာရီ(၃၀)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အားကစားဝန်ကြီးနှင့် တိုင်းဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ စလင်းအားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ပဒုမ္မာအားကစားကွင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အားကစားကွင်း/အားကစားရုံများတွင် အားကစားဝါသနာရှင် လူငယ်လူရွယ်များ စည်းကမ်းရှိစွာ အခမဲ့ လေ့ကျင့်ယှဉ်ပြိုင်နိုင်ရေး သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြေအောင် ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ အားကစားအထောက်အကူပြု ပစ္စည်းများကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ ရောက်ရှိ၍ ရေကူးကန်အတွင်း ရေသန့်စင်မှု ၊ ရေအသွင်း/အထုတ်စနစ်များ ၊ အနည်စစ်ကန်များ၏ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေကူးကန်ဝင်းအတွင်း လုံခြုံရေးစနစ် CCTV များ စနစ်တကျတပ်ဆင်ရန် အများပြည်သူများ လာရောက်ရေကူးသည့်အခါ အသက်အန္တရာယ် မရှိစေရေးအတွက် ဆောင်ရွက်ထားရှိရန်နှင့် ရေကူးကန် ပြုပြင်ထိန်းသိမ်းရေး ကိစ္စများလမ်းညွှန် မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက တိုးချဲ့ဆောက်လုပ်မည့် အစီအမံများအား ပုံစံပြ မြေပုံဖြင့် ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးမှ ဆောင်ရွက်လိုသည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လက်ရွေးစင် လေ့ကျင့်ရေးစခန်းအဖြစ်အသုံးပြုမည့် လေးထပ်ဆောင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လေ့ကျင့်နေသော စားပွဲတင်တင်းနစ် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုက္ကဆံအားကစားဝင်းအတွင်း ပြည်ထောင်စုခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံ၍ အားကစားနှင့်ကာယပညာသိပ္ပံများသည် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်ရာ ဘူမိနက်သံ နယ်မြေဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဂုဏ်ဆောင်မည်ဟူသော စိတ်ဓါတ်ခံယူချက်ဖြင့် လာရောက်လေ့ကျင့်ကြသည့် အားကစား မောင်/မယ်များအား များစွာချီးကျူးဂုဏ်ပြုမိပါကြောင်း၊ ယခုဆိုလျှင် အားကစားနှင့် ကာယပညာသိပ္ပံ (၆) ကျောင်းအပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ နောင်အနာဂါတ်မှာ နိုင်ငံ့ဂုဏ်ဆောင်မည့် ကြယ်ပွင့်လေးများဖြစ်သလို တစ်ချိန်မှာ မျိုးဆက်သစ်များ မွေးထုတ်ပေးမည့် နည်းပြတာဝန်ကို ပခုံးပြောင်းတာဝန်ကို လွှဲပြောင်း ယူကြမည့်သူများ ဖြစ်သည့်အတွက် ဘဝရည်မှန်းချက် မြင့်မြင့်မားမားထား၍ ဆောင်ရွက်စေလိုကြောင်း၊ အားကစားသမားစိတ်ဓါတ်အပြည့်ဖြင့် အားကစားသမားမှန်လျှင် စိတ်ဓါတ်ကြံ့ခိုင်မှု ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ဟူသော အချက်(၃)ချက်ဖြင့် ပြည့်စုံနေရမည်ဖြစ်ကြောင်း၊ ယခုကာလသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်COVID-19 ကပ်ရောဂါကို တွန်းလှန် ခုခံနေရသော ကာလဖြစ်သည့် အားလျော်စွာ ကျောင်းအုပ်ကြီးနှင့် နည်းပြများ၏ လမ်းညွှန်ချက်များကို လိုက်နာ၍ မိမိကစ တစ်ဦးချင်း ကျန်းမာရေးအသိဖြင့် လိုက်နာ ကာကွယ်ရန် လိုအပ်ပါကြောင်း၊ မှန်ကန်သော ဆုံးဖြတ်တွေးခေါ်မှုများဖြင့် မိမိတာဝန်ကို မိမိကျေပွန်စွာ ထမ်းဆောင်ရင်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကိုသာ အလေးထားစေလိုကြောင်း၊ အနီးကပ်ရှိကြသည့် ကျောင်းအုပ်ကြီးနှင့် နည်းပြများအား မိဘသဖွယ် ဆက်ဆံတိုင်ပင်၍ နေထိုင်သွားကြရန်နှင့် တာဝန်ရှိသူများကိုလည်း ကိုယ့်သား/သမီးများကဲ့သို့ သဘောထား၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လူမှုရေးများကိုစောင့်ရှောက်ရန် လမ်းညွှန်ပြီးဖြစ်သည့်အတွက် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် အခက်အခဲရှိလာလျှင် မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချဘဲ ရင်းနှီးပွင့်လင်းစွာ တင်ပြကြရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဖြည့်ဆည်းပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်း သား/ သင်တန်းသူများနှင့်အတူ ရင်းရင်းနှီနှီး နေ့လည်စာ စားသုံးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူ အားကစားရုံရှိ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ရောက်ရှိ၍ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်း တိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် အောင်ဆန်း အားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သို့ရောက်ရှိ၍ ပဏာမ မြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင်နေမှုများအား ကြည့်ရှုအားပေးပြီ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။