အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်မြို့ရှိ အားကစားကွင်း အသီးသီးတွင် လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှု စစ်ဆေး

ရန်ကုန်၊ အောက်တိုဘာလ(၈)ရက်။ 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည်ယနေ့နံနက်(၇)နာရီ(၃၀)တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူတို့ လိုက်ပါလျက် အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့အားကစားအောင်မြင်မှုရရှိစေရန် နှင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေးအတွက် လေ့ကျင့်နေကြသော အားကစားသမားများအား ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဟူသော ဆောင်ပုဒ်နှင့်အညီ စခန်းဝင် လေ့ကျင့်နေသော အားကစားသမားများကို နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ယခုလို စခန်းဝင်လေ့ကျင့်နေသည့် စိတ်ဓါတ်ကိုချီးကျူးလိုပါကြောင်း၊ လှေလှော်အားကစားနည်းသည် စုပေါင်းအားနှင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စိတ်ဓါတ် တစ်သားတည်းရှိနေဖို့ လိုအပ် ကြောင်း၊ မိမိကြောင့် Team Work မပျက်စီးစေရန် အားကစားစိတ်ဓါတ်အပြည့်ဖြင့် နောက်ဆုံးအချိန်ထိ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းကို အနိုင်အရှုံးထက် ပိုမိုလိုလားပါကြောင်း၊ နည်းပြ/အုပ်ချုပ်များအနေဖြင့်လည်း အားကစားသမားများအား မိဘနေရာမှနေ၍ လေ့ကျင့်ရေးတွင် သာမက တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာနှင့် စိတ်ခံစားချက်များကို နားလည်ပြီး ဆောင်ရွက် ပေးစေလိုကြောင်း၊ မိသားစုစိတ်ဓါတ်ဖြင့် ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း ၊ မိမိကိုယ်တိုင်လည်း အားကစားသမားဖြစ်သည့်အတွက် ယခုလိုနိုင်ငံတော်မှ တာဝန်ပေးသည့် အချိန်တွင် နိုင်ငံတော်အတွက် ကိုယ်စွမ်းရှိသလောက် လုပ်ဆောင်လိုစိတ်နှင့် မိမိဝါသနာပါသော အားကစားလောကတိုးတက်အောင် ဆောင်ရွက်လိုသည့်အတွက် အားလုံးဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော အသက်(၆၀)ကျော် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများကိုလည်း တစ်သက်တာ ပင်စင်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း၊ လူငယ်များ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် Youth Development ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားပြီး စားရိပ်သာနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှု စစ်ဆေး၍ အားကစားသမားများ၏လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တင်ပြချက်များကို ဖြည့်ဆည်း ပံ့ပိုးပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေးစခန်းသို့ ရောက်ရှိကာ အရှေ့တောင်အာရှနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး ရှေ့ဆက်လက်ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံပြောကြားခဲ့ပြီး နိုင်ငံတကာ အဆင့်မီ တည်ဆောက်နေသည့် ဖူဆယ်အားကစားရုံ ပြီးစီးမှု အခြေအနေနှင့် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ပြန်လည်ပြုပြင်မွမ်းမံမှု ပြီးစီးမှုအခြေအနေများအား လိုက်လံ ကြည့်ရှုပြီး သတ်မှတ်ကာအတိုင်း ပြီးစီးနိုင်ရေးအား လမ်းညွှန် မှာကြားခဲ့ပါသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ရောက်ရှိရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အဖွဲ့ချုပ်နှင့်ပတ်သက်၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမှတ်တရ သစ်ပင် စိုက်ပျိုးပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်မိုးဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး စခန်းဝင် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင် ကျိုက္ကဆံအားကစားကွင်းအတွင်း အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများနှင့် တာဝန်ရှိသူများကို တွေ့ဆုံပြီး မြန်မာ့အားကစား တိုးတက်အောင်မြင်ရေးအတွက် အဖွဲ့ချုပ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေး လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့ချုပ်အသီးသီး၏ တင်ပြချက်များအပေါ် ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများကို တွေ့ဆုံ၍ မိသားစုစိတ်ဓါတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် လိုအပ်သည်များကို ပွင့်လင်း မှန်ကန်စွာ တင်ပြကြရန် မှာကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။