အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (GOLD CAMP)ရှိ လက်ရွေးစင် အားကစားသမားများနှင့် ဝန်ထမ်းများအား COVID- (၁၉) စည်းကမ်းနှင့်အညီ နေထိုင်ရေး ပညာပေးအမှာစကားပြောကြား

နေပြည်တော်၊ စက်တင်ဘာလ(၂၄)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ လက်ရွေးစင် အားကစားသမားများနှင့် ဝန်ထမ်းများအား Covid- (၁၉) စည်းကမ်းနှင့်အညီ နေထိုင် တာဝန် ထမ်းဆောင်ရေး၊ လေ့ကျင့်နိုင်ရေး Covid-(၁၉) ပညာပေး အမှာစကားပြောကြားခဲ့ရာတွင် ယခုအခါ နိုင်ငံတစ်ဝှမ်း Covid- (၁၉) ရောဂါနှင့်ပတ်သက်၍ ကူးစက်သေဆုံးမှုတဖြည်းဖြည်းရာခိုင်နှုန်း ကျဆင်းလျက် ရှိပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ အားကစားအခန်းကဏ္ဍအတွင်းရှိ လက်ရှိနေပြည်တော်၌ စခန်းသွင်း လေ့ကျင့် လျက်ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများ Covid- (၁၉)နှင့် ပတ်သက်၍ ကူးစက်မှု မရှိစေရေးသည် အလွန်အရေးကြီးပါကြောင်း၊ အားကစားသမားများသည် သာမန်လူတွေနှင့်မတူဘဲ နိုင်ငံဂုဏ်ဆောင်နိုင်ရေးတွင် အထူးလေ့ကျင့်နေရပါသောကြောင့် ရောဂါ ကူးစက်ခံရလျှင် လေ့ကျင့်မှု ရပ်တန့်သွားမည်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာပါက ကူးစက်ပြီးသူများသည် အဆုတ်တွင် ထိခိုက်ဒဏ်ရာ ကျန်ခဲ့ပြီး ပြန်လည်ကုသရပါသောကြောင့် အားကစားသမားများ လေ့ကျင့်မှုနှင့်အတူ ထိခိုက်မှု ဖြစ်ပေါ်မှာသေချာမည်ဖြစ်ပါကြောင်း၊ ထို့အတူ အားကစားလေ့ကျင့်ရေးစခန်းအတွင်း၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများသည် Covid-(၁၉) စည်းကမ်းများကို လိုက်နာမှုမရှိပဲ ရောဂါကူးစက်ခံရပါက မိမိဘာသာ၊ မိမိပတ်ဝန်းကျင်၊ မိမိမိသားစု၊ မိမိတို့နှင့်အတူ ရှိနေသည့် အားကစားသမား များပါ ကူးစက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းအတွင်းရှိ နေထိုင်နေကြသော အားကစားသမားများ၊ ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးသည် Covid- (၁၉) စည်းကမ်းနှင့်အညီနေထိုင်နိုင်ရေး အထူးအရေးကြီးပါကြောင်း၊ မိမိတစ်ဦးတစ်ယောက် စည်းကမ်းမရှိခြင်းကြောင့် အားကစား လေ့ကျင့်ရေးစခန်းသည် (သီးသန့်) စုဝေးနေထိုင်နေသော နေရာဖြစ်ပါသောကြောင့် လေ့ကျင့်ရေးစခန်းတစ်ခုလုံး ကူးစက်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ အခြေအနေ မဖြစ်ပေါ်နိုင်စေရေးအတွက် အားကစားလေ့ကျင့်ရေးစခန်းရှိ အားကစားဆေးဘက်ဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ အထူးကြပ်မတ်ကာ လုပ်ဆောင်၍ ထိန်းသိမ်းရန် တာဝန် ရှိပါကြောင်း၊ အားကစားသမားများနှင့် ဝန်ထမ်းအားလုံးသည် Covid- (၁၉) စည်းကမ်းနှင့်အညီ နေထိုင်လေ့ကျင့်ရမည့်အပြင် ဆေးဘက်ဌာနခွဲမှ ညွှန်ကြားချက်အမိန့်များကိုလည်း တစ်သွေတစ်သိမ်း လိုက်နာကျင့်ကြံရန်လိုအပ်ပါကြောင်း၊ Covid- (၁၉) စည်းကမ်းနှင့်အညီ လိုက်နာကျင့်ကြံနေမှု မရှိသော အားကစားသမားများ၊ ဝန်ထမ်းများအား Covid-(၁၉) စည်းကမ်းဖောက်ဖျက်မှုနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး ကြီးကြပ်ကွပ်ကဲရာ၌ တာဝန်ရှိသူများ အားနည်းမှုရှိလည်း တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ Gold Camp ရှိ ဝန်ထမ်းများ တက်ရောက်ကြပါသည်။