အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အပြည်ပြည်ဆိုင်ရာသေနတ်ပစ် အားကစားနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇွန် (၈)ရက်။

အမိန့်နာခံတတ်ပြီးစည်းကမ်းကောင်းမွန်သော နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် သေနတ်ပစ်အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တပ်မ တော် သေနတ်ပစ်ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဝင်းလွင်၊  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်နှင့် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းမှ နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း/ရေ/လေ) သေနတ်ပစ်ပြိုင်ပွဲ အပြည်ပြည်ဆိုင်ရာ ပစ်ခတ်စဉ်များနှင့် ကင်းကွာနေသော သေနတ်ပစ်အားကစားသမားများအား အပြည်ပြည် ဆိုင်ရာပစ်ခတ်စဉ်များ၊ နည်းစနစ်၊ နည်းပညာများ၊ ပြိုင်ပွဲလုပ်ငန်းစဉ်များ၊ စည်းကမ်းများနှင့် ပြစ်ဒဏ်များအား သိရှိစေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် သေနတ်ပစ်အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင် နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ယခုသင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ အိုလံပစ် အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် အခြားအပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် တပ်မတော်သား အားကစားသမားများ များစွာပေါ်ထွက်ခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊  “ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်” ဟူသောဆောင်ပုဒ်နှင့်အညီ အားကစားနည်းများစွာထဲမှ သေနတ်ပစ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုလက်တွေ့ကျထိရောက်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာသော သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပြသလိုက်သော သင်ခန်း စာများကို နားလည်သဘောပေါက်ကျွမ်းကျင်စွာဖြင့် လေ့လာသင်ယူကြပြီး မိမိတို့ တိုင်း/တပ်မဌာနချုပ်များသို့ ပြန်လည် ရောက်ရှိပါက အပြည်ပြည်ဆိုင်ရာပစ်ခတ်စဉ်နည်းများ ပြန့်ပွားအောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမားများနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်း သင်တန်းအမှတ်စဉ်(၂/၂၀၂၂)ကို ဇွန်လ (၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ အောက်မြန်မာပြည်ရှိ တိုင်း/တပ်မဌာနချုပ်များမှ သင်တန်းသား (၄၃)ဦး ဖြင့် ဖွင့်လှစ်သင်ကြားပြသမည်ဖြစ်ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့သည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်  စနစ်တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအပေါ် ကျောသားရင်သား မခွဲခြားဘဲ အားလုံးကို တန်းတူညီမျှဆက်ဆံပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့်အတိုင်း မိမိတို့ဌာန တိုးတက်အောင်မြင်စေရန်အတွက် ရုံးလုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်စွာ တစ်ဦးကို တစ်ဦး အပြန်အလှန် ရိုင်းပင်းကူညီသွားကြရန် လိုအပ်ကြောင်း၊ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိအောင် ဗဟုသုတရရှိစေသော စာအုပ်စာပေများကို ဖတ်ကြရန်နှင့် နိုင်ငံတကာနှင့်ပြောဆို ဆက်ဆံရာတွင် ဘာသာစကားကျွမ်းကျင်ရန် လိုအပ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ် ဘာသာစကားနှင့် ကွန်ပျူတာပညာရပ်များကိုလည်း သင်ယူလေ့လာထားကြရန်လိုအပ်ကြောင်း၊ လူငယ်ရေးရာဦးစီးဌာနသည် ဌာနအသစ်ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ များရှိပါက တာဝန်ရှိသူများမှတဆင့် အချိန်မရွေးတင်ပြနိုင်ကြောင်း၊ ရာထူးတိုးများခေါ်ဆိုချိန်တွင် အရည်အချင်းပြည့်မီစေရန်အတွက် မိမိတို့တွင်လိုအပ်သောပညာဝမ်းစာများကို အမြဲလေ့လာဆည်းပူး ဖြည့်တင်းထားကြရန်လိုအပ်ကြောင်း၊ ယခုကာလသည် ရာသီကူးပြောင်းသည့် ကာလဖြစ်သည့်အတွက် မိမိနှင့်မိသားစု၏ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည့် အခက်အခဲများရှိပါက တင်ပြနိုင်ပြီး ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။