အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇွန် (၇)ရက်။

ဘော်လီဘောအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီတွင် ပေါင်းလောင်းအားကစားခန်းမ၊ ဘော်လီဘောအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၃) ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တပ်ကုန်းမြို့နယ်အသင်းမှ ဇမ္ဗူသီရိမြို့နယ်အသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ တတိယနေရာလုပွဲတွင် ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပျဉ်းမနားမြို့နယ်အသင်းမှ လယ်ဝေးမြို့နယ်အသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲ၌ တံခွန်စိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများသာမက အကောင်း ဆုံးအားကစားသမား ပိတ်ဆို့ဆု၊ အကောင်းဆုံးအားကစားသမားရိုက်ခုတ်ဆု၊ အကောင်းဆုံးအား ကစားသမား ဆယ်မဆု၊ အကောင်းဆုံးအားကစားသမားပင့်ထောင်ဆု၊ အကောင်းဆုံးအားကစားသမား စပေးဘောဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုများကိုပါ ရွေးချယ်ချီးမြှင့်ခဲ့ကြရာ ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းကို နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၃)သိန်းအားလည်းကောင်း၊ ဒုတိယဆု ရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းကို နေပြည်တော်အား/ကာကော်မတီဥက္ကဋ္ဌ ‌နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၃) ဦးမြင့်စိုးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းအားလည်းကောင်း၊ ပထမဆု ရရှိသည့် တပ်ကုန်းမြို့နယ်အသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းအားလည်းကောင်း၊ ပထမဆုဖြင့် တံခွန်စိုက်ဆုဖလား ရရှိသွားသည့် တပ်ကုန်းမြို့နယ်အသင်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် မှ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်(၂)သိန်း(၁)သောင်းအား လည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြ ပါသည်။

၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၈)သင်း၊ အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမား အင်အားစုစုပေါင်း(၁၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအား ဇွန်လ(၂)ရက်နေ့မှ(၇)ရက်နေ့ အထိ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။