အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီ အခြေခံဂျူဒိုအားကစားသင်တန်းဆင်းပွဲ တက်ရောက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန်၊ မေလ (၇)ရက်။

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သည့် ၂၀၂၂ခုနှစ်၊ နွေရာသီအခြေခံဂျူဒိုအားကစား သင်တန်းဆင်းပွဲအား ယနေ့နံနက်(၉)နာရီအချိန်တွင် ဦးဝိစာရလမ်း အမျိုးသားရေကူး ကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ရုံး၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဆပ်ကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌဦးထွန်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဂျူဒို ဆပ်ကော်မတီဥက္ကဌဦးမင်းဇော်ထွန်း၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် နည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ က သင်တန်းဆင်း အမှာစကားပြောကြားရာတွင်နွေရာသီကျောင်းပိတ်ရက်မှာ လူငယ်မောင်/မယ်များအနေနှင့် အချိန်ကို အလဟသ မဖြစ်စေဘဲ မိမိအတွက်သော်လည်းကောင်း၊ အသင်းအဖွဲ့အတွက်သော်လည်း ကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း၊ အကျိုးရှိတဲ့လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အတွက် သင်တန်းသား/သင် တန်းသူများ၏ စိတ်ဓါတ်နဲ့ခံယူချက်ကို အထူးပင် လေးစားမိပါကြောင်း၊အားကစားသင်တန်းတွေကို နိုင်ငံတစ်ဝှမ်းလုံးမှာ ဖွင့်လှစ်လျက်ရှိပြီး ယခုအခါ နိုင်ငံတော် အနေနဲ့လည်း အားကစားကဏ္ဍကို အထူးပင်အားပေးချီးမြှောက်နေတာကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ အားကစားလိုက်စားခြင်းဟာ ကျန်းမာရေးအရသော်လည်းကောင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာအတွက် သော် လည်း ကောင်း၊ ကိုယ်ကာယပိုင်းအရသော်လည်းကောင်း၊ အင်မတန်အကျိုးရှိတဲ့ လုပ်ငန်းဖြစ်ပါကြောင်း၊ ယခုလိုနွေရာသီမှာ အချိန်ကို အကျိုးရှိရှိ အသုံးချရင်း မိမိဝါသနာပါတဲ့ အားကစားကို ကျွမ်းကျင်အောင်ပြုလုပ်၍ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင် နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း၊ ယခုလိုအားကစားကို လေ့လာလိုက်စားတဲ့အခါမှာ သင်တန်းအစကာလမှာကဲ့သို့ မဟုတ်ဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေမြင့်မားလာခြင်း၊ ခန္ခာကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် မိမိကိုယ်ကို ယုံကြည်မှုတွေဖြစ်လာတာကိုလည်း သင်တန်းသား/ သင်တန်းသူများ ကိုယ်တွေ့ခံစားကြရမယ်လို့ ယူဆပါကြောင်း၊ ၄င်းအပြင် အပေါင်းအသင်းများ တိုးပွားလာပြီး လူမှုဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်လာခြင်းစသည့် အကျိုး ကျေးဇူးကို ရရှိမှာဖြစ်ပါကြောင်း၊ နောင်တချိန်မှာ နိုင်ငံ့တာဝန်တွေကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် သားတို့သမီး တို့ အနေဖြင့်လည်း နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည့်အထိကြိုးစားသွားကြမည်ဟု မျှော်လင့်ပါကြောင်း၊ မျိုးဆက်သစ် လူငယ်မောင်/မယ်များအနေဖြင့် နိုင်ငံချစ်စိတ်ရှိဖို့အရေးကြီးပါကြောင်း၊ မိမိနိုင်ငံကို မိမိကိုယ်တိုင် ချစ်မြတ်နိုးစိတ် ရှိမှသာ ကိုယ့်နိုင်ငံသည် ကမ္ဘာတည်သရွေ့ ” မြန်မာနိုင်ငံ” ဟူ၍ တည်ရှိနေမှာဖြစ်ပါကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်နှင့် ထိုမှတဆင့် မျိုးချစ် စိတ်ရှိရန် မြန်မာဆိုတဲ့စိတ်ရှိရန် လိုအပ်ပါကြောင်း၊မိမိလေ့လာသင်ယူတတ်မြောက်တဲ့ အားကစားနည်းကို အကျိုးရှိရှိ အသုံး ချတတ်ဖို့ လိုအပ်ပါကြောင်း၊ အားကစားနည်းတိုင်းမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေရှိပြီး နည်းပြများကလည်း သင်တန်း သား/သင်တန်းသူများကို နည်းစနစ်ပိုင်းသာမက အားကစားနည်းကို သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အားကစားနည်းရဲ့ အကျိုးရှိပုံကိုလည်း ရှင်းပြဖို့ လိုအပ်ပါကြောင်း၊ ကိုယ်ခံပညာရပ်ဆိုတာ မိမိကို ကာကွယ်ဖို့၊ မတရားအနိုင်ကျင့်တဲ့ အပြုအမူတွေ တွေ့ရင် ကူညီလိုတဲ့ စိတ်ဓါတ်ရှိဖို့ ၊ မိမိနိုင်ငံတော်ကို တိုင်းတစ်ပါးက ကျူးကျော်လာလျှင် မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက် ခုခံကာကွယ်လိုစိတ်ရှိဖို့ စတဲ့ ရည်ရွယ်ချက် ကောင်းတွေနဲ့ ကိုယ်ခံပညာရပ်ကို သင်ကြားပေးကြတာဖြစ်လို့ မိမိတတ်မြောက်တဲ့ ကိုယ်ခံပညာကို အသုံးချပြီး တလွှဲဆံပင်ကောင်းမဖြစ်ဖို့ အရေးကြီးပါကြောင်း၊ မိမိဝါသနာပါသော အားကစားနည်းကို လေ့လာလိုက်စားရာမှ နိုင်ငံကိုယ်စားပြုအဆင့်သို့ ရောက်ရှိပြီဆိုလျှင် မြန်မာနိုင်ငံမှာရှိသော လူဦးရေသန်းပေါင်း(၅၀)ကို ကိုယ်စားပြုသည့် အတွက် အင်မတန် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကိစ္စရပ်ဖြစ်သည့်အတွက် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌဦးထွန်းထွန်း မှ သင်တန်းသား/သင်တန်းသူများအား ကျွမ်းကျင်မှုအဆင့်အလိုက် ခါးစည်းအဆင့်ကဒ်များပေးအပ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအား/ကာဆပ်ကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် က သင်တန်းဆရာများကိုဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊ သင်တန်းသား/ သင်တန်းသူများကိုဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဂျူဒိုဆပ်ကော်မတီဥက္ကဌ ဦးမင်းဇော်ထွန်းက နွေရာသီသင်တန်းဝတ်စုံများပေးအပ်ပြီးနောက် မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းက ထူးချွန်ဆုရ သင်တန်း သား မောင်ခိုင်ခန့်နှင့် မသီရီနိုင် တို့အား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး နွေရာသီသင်တန်းသား/သင်တန်းသူများစုပေါင်း၍ အခြေခံနည်းစနစ်များသရုပ်ပြသခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်သို့ ရောက်ရှိရာ ဥက္ကဌ ဦးကျော်ကျော်နှင့် အတူ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် အားကစားခန်းမအတွင်းအားကစားသမားများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီးနောက် ဥက္ကဌမှလည်း လိုအပ်သည်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် အမျိုးသားရေကူးကန်၌ အုတ်တံတိုင်းကာရံမှု၊ ရေကူးကန်သန့်ရှင်းသာယာရေးနှင့် အများပြည်သူ ရေလာကူးသည့်အချိန်တွင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရှိစေရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါ၍ လမ်းမတော်မြို့နယ် ကျူံကြီးလမ်း ကြက်တောင်ရုံသို့ ရောက်ရှိလာရာ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ပိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ပြည်ထောင်စုဝန်ကြီးက –

မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့သည် အမြဲတမ်း ဆက်သွယ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေဖို့ လိုအပ်ပါကြောင်း၊

အဖွဲ့ချုပ်များ၏ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြလာလျှင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် အမြဲတမ်း ပူးပေါင်း ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊

ကြက်တောင်အားကစားနည်း ပြန်လည်ဦးမော့လာစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် လိုအပ်တာများ ပူးပေါင်း ဆောင်ရွက်ပံ့ပိုးပေးရန် အဆင်သင့်ရှိနေပါကြောင်း၊

အဖွဲ့အစည်းတစ်ခု နှင့်တစ်ခုကြားမှာ Co-Operation နှင့် Co- Ordenation ရှိဖို့လိုအပ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲမှစ၍ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ဝင်စားပါကြောင်း၊

အထူးသဖြင့် နိုင်ငံတော်ကိုယ်စားပြုပြီး ပြည်ပသို့ သွားရောက်ယှဉ်ပြိုင်တဲ့နေရာမှာ မည်သို့သောအစီအစဉ်ဖြင့် သွားရောက်သည်ဖြစ်စေ အဆင့်ဆင့် ဆင့်ကဲဆင့်ကဲ တင်ပြ၍ လုပ်ငန်းတိုင်းမှာ အဆင်ပြေချောမွေ့စွာဖြစ်စေရေးကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန အနေဖြင့် အဖွဲ့ချုပ်တိုင်းကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

အဖွဲ့ချုပ်များ အနေဖြင့်လည်း အားကစားသမားများအား နိုင်ငံ့ဂုဏ်ဆောင်တဲ့ နေရာမှာ တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်လို့ မရဘဲ အားလုံးပူးပေါင်းဆောင်ရွက်မှ သာလျှင် အဖက်ဖက်မှာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါကြောင်း ၊

အဖွဲ့ချုပ်များမှာ ပါဝင်ဖွဲ့စည်းပေးထားတဲ့ ဝန်ထမ်းများအနေဖြင့်လည်း အားကစား အဖွဲ့ချုပ်များ၏ ဥက္ကဌ၊ အတွင်းရေးမှူးများ၏ အားကစားတိုးတက်ရေးအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ လစ်ဟာမှုမရှိစေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး အတွက် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ လိုအပ်ကြောင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ကြက်တောင်ရုံ အတွင်း အားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း ရှိ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် သို့ရောက်ရှိလာပြီး အားကစားကွင်း၊ ပွဲကြည့်စင်၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးခန်းတို့အားကြည့်ရှုစစ်ဆေးပြီးနောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင်နှင့် အမှုဆောင်များအားတွေ့ဆုံ၍ -မြန်မာ့တင်းနစ်အားကစားနည်းသည် (၁၀)စုနှစ်နီးပါး မျိုးဆက်ပြတ်လပ်နေသည့်အတွက် တဖြည်းဖြည်းမျိုးဆက်သစ်များပြန်လည်မွေးထုတ်သွားရမှာဖြစ်ကြောင်း၊ အဖွဲ့ချုပ်များအားလုံးအနေနဲ့ နိုင်ငံကိုယ်စားပြု အားကစားသမားများ မွေးထုတ်နိုင်သည့် အဆင့်အထိရောက်အောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များလုပ်ဆောင်နေသည့် လုပ်ငန်းအခြေအနေများကို သိရှိမှသာ ထိရောက်စွာကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းမှာကြားပေးခဲ့သည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရန်ကုန်မြင်းစီးအသင်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် ရန်ကုန်မြင်းစီးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဆွေးနွေးစကားပြောကြားရာတွင် အဖွဲ့ချုပ်မှ တင်ပြစရာများ ရှိပါက ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြ ပေးစေလိုကြောင်း၊ မြင်းစီးကလပ်အသင်းများသည် အဖွဲ့ချုပ်၏ အောက်တွင်သာ ရှိရမှာဖြစ်ပါ ကြောင်း၊ မြင်းစီးကလပ်များနှင့် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် တို့ ပူးပေါင်းပြီး ညှိနှိုင်းလုပ်ကိုင် ဆောင်ရွက်ခြင်း အားဖြင့် မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် နားလည်မှုရှိပြီး စည်းကမ်းရှိစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဆိုလျှင် အောင်မြင်မှု များရရှိနိုင်မှာဖြစ်ပါကြောင်း၊ ဆောင်ရွက်လိုသည်များကို စီမံချက်ရေးဆွဲပြီး တင်ပြပေးစေလိုပါကြောင်း၊ တင်ပြမှုအပေါ် သုံးသပ်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် အားကစားနည်းသည် အောင်မြင်မှု လမ်းမှန်ပေါ်တွင် ရောက်ရှိ သွားစေလိုပါကြောင်း ပြောကြားပြီးနောက် လေ့ကျင့်ရေးကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံ ကွင်းသို့ရောက်ရှိပြီး စားရိပ်သာ၊ မီးဖိုဆောင်၊ တန်းစီကွင်းနှင့် အမျိုးသား/အမျိုးသမီး(၄)ထပ် အိပ်ဆောင်သစ်ဆောက်လုပ်မည့်မြေနေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။