အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ (၂၈) ရက်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကားပြောကြားခြင်းနှင့် 19th Asian Billiards Championship နှင့် 37th Asian Men’s Snooker Championship ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲ(၁)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက် အောင်အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်နေသော အဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် တာဝန်ရှိသူများကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အဖွဲ့ချုပ်အသီးသီးရှိ ဥက္ကဌနှင့် ဒုတိယဥက္ကဌများသည် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ နိုင်ငံတော်၏ အားကစားကဏ္ဍ  အောင်မြင်တိုးတက်စေရန် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကိုလည်း ဝိုင်းဝန်း ပူးပေါင်းလက်တွဲဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း မည်သည့်အဖွဲ့ချုပ်ကိုမဆို လုပ်ငန်းများအဆင်ပြေချောမွေ့စေရန်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဖွဲ့ချုပ်ဥက္ကဌများအနေဖြင့်လည်း မိမိအဖွဲ့ချုပ်ရှိ အားကစားသမား များတွင် အခက်အခဲများရှိပါက အဖွဲ့ချုပ်တာဝန်ရှိသူများမှတဆင့် အချိန်မရွေး တင်ပြနိုင်ကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့်လည်း အကောင်းဆုံးပေါင်းစပ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစား နည်း(၂၀) နည်းအား ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ SEA Games တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိသူများကို မြန်မာငွေကျပ်သိန်း(၃၀၀)၊ ကျပ်သိန်း(၂၀၀)၊ ကျပ် သိန်း(၁၀၀) ချီးမြှင့်ပေးသွား မည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်ဥက္ကဌများအနေဖြင့်လည်း မိမိအဖွဲ့ချုပ်များမှ အားကစားသမားများကို အားကစားသမားကောင်း စိတ်ဓာတ်ထားရှိစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် အားကစား သမားများ၏ အားသာချက်၊ အားနည်းချက်များကို သွန်သင်ထောက်ပြ၍ ဆုံးမပြုပြင်ပေးပြီး မိမိအဖွဲ့ချုပ် အောင်မြင်မှုရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ SEA Games ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်မည့် အားကစားသမားများသည် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်၊ လုံ့လတို့ဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားရန်အတွက် အဖွဲ့ချုပ်ဥက္ကဌများမှ သွန်သင် ဆုံးမလမ်းညွှန်ပြသပေးရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း စိတ်ဓာတ် မမွေးဘဲ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုဆုတံဆိပ်ကို ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြင့်တက်စေရန်အတွက် ပြိုင်ပွဲ တွင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြစေလိုကြောင်း၊ နောက်လာမည့် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဆင့်မီပြီး အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌  လူငယ်အားကစား လေ့ကျင့်ရေးစခန်း (Youth Camp) အား ဖွင့်လှစ်ပြီး အားကစားသမားများကို ပြုစုပျိုးထောင်လေ့ကျင့် ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အားကစားအဖွဲ့ချုပ်တာဝန်ရှိသူများမှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားအင်အား အခြေအနေ၊ တည်းခိုနေထိုင်ရေး နှင့် သယ်ယူပို့ဆောင်ရေး (Transportation) ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြခဲ့မှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

  ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးမှ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကာတာနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် 19th Asian Billiards Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်ပေါက်စ နှင့် 37th Asian Men’s Snooker Championship ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိခဲ့သည့် မောင်အောင်ဖြိုးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ ပါသည်။