အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အားက စားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ (၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းအချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာန ဘောလုံးကွင်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းအတွင်း အရံကစား သမားများထိုင်သည့်ခုံများအား အသစ်ပြန်လည်ပြုပြင်သွားရန်၊ ဘောလုံးကွင်းအား အမြဲတမ်း စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ်များကောင်းမွန်အောင် စီစဥ်ဆောင်ရွက်ထားရှိရန်နှင့် အားကစားကွင်း/အားကစားရုံ ဘေးပတ်ဝန်းကျင်နေရာများအား စဉ်ဆက်မပျက် သန့်ရှင်းသာယာလှပမှုရှိအောင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြရန် နှင့် ပြည်သူများ စိတ်လက်ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့သို့ရောက်ရှိပြီး ခရိုင်အားကစားရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ မိုးလုံလေလုံအားကစားရုံတည်ဆောက်နေမှုနှင့်ပတ်သက်၍ တည်ဆောင်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည် အသွေးပြည့်မီကောင်းမွန်စေရေး၊ အောက်ခြေကြမ်းခင်းများခင်းကျင်းရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရန် စနစ်တကျရှိစေရေး သေချာကြပ်မတ်စိစစ်၍ စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များကို ဦးစီးဌာနအနေဖြင့်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘောလုံးအားကစားကွင်းနှင့် ကွင်းပတ်ဝန်းကျင် ၊ရုံးနှင့်ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ပုံမှန် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအဝင်မုဒ်ဦးဆိုင်းဘုတ်ပြုလုပ်ဆောင်ရွက်ထားရှိရန်၊ အားကစားရုံအတွင်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများအား စနစ်တကျ ရှိစေရေး ပြန်လည်ပြုပြင်ဆောင်ရွက်ထားရန်နှင့် အားကစားရုံအတွင်း VIP သန့်စင်ခန်းအဝင်နေရာအား သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးသို့ဆက်လက်ထွက်ခွါခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရုံးသို့ရောက်ရှိခဲ့ပြီး အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးသည်အရေးကြီးသည့်အတွက် ဝန်ထမ်းအားလုံးကိုဗစ်-၁၉ရောဂါ ကူးစက်မခံရအောင်အနေအထိုင်အသွားအလာ ဂရုစိုက်ကြရန်လိုကြောင်း သင်္ကြန်ရုံးပိတ်ရက်သည် ပိတ်ရက်ရှည်ကာလဖြစ်သည့်အတွက် ထိုကာလအတွင်း မိမိနှင့်အတူ မိသားစုဝင်အားလုံးအစစအရာရာ ဂရုစိုက်ကြဖို့လိုကြောင်း၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး အစီအမံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး အထူးဂရုစိုက်ကြဖို့ လိုကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးခရိုင်ဘောလုံးအားကစားကွင်းရှိ ဘောလုံးကွင်းပွဲကြည့်စင်နှင့် အားကစားသမားများအိပ်ဆောင်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့ပြီးနောက် အားကစားဥယျာဉ် စီမံကိန်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အဆောက်အဦများရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သတ်မှတ်စံချိန် စံညွှန်း အတိုင်းအရည်အသွေးပြည့်မီစေရေး အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးတို့နှင့်အတူ လှည်းကူးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဘော လုံး အားကစားကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးအမြဲတမ်းဆောင်ရွက်ကြရန်၊ ပြည်သူများစိတ်လက်ပေါ့ပါးစွာလာရောက်ကစားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် မိုးလုံလေလုံအားကစားရုံအတွင်း ခိုငှက်များမဝင်ရောက်နိုင်အောင် အကာအရံများ ပြင်ဆင်ဆောင်ရွက်ထားရှိရန် အတွက် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။