အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်၊ မတ်(၂၆)။

၂၀၂၂ခုနှစ်၊ မေလတွင် ဗီယက်နမ်နိုင်ငံ၌အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများအနက်မှ ယနေ့ နံနက်(၉) နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားရုံ၌ မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့မှ သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးမှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများအား တွေ့ဆုံ၍ အားကစားသမားများ၏ လေ့ကျင့်မှု အရှိန်အဟုန်မပျက်စေရေး၊ “ စည်းကမ်းရှိရှိ နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းမှသည်အောင်ပွဲဆီသို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားကစားသမား များ လေ့ကျင့်မှုပြုလုပ်ရာတွင် နည်းပြများမှ စနစ်တကျလေ့ကျင့်သင်ကြားပေးသည့်အတိုင်း နည်းစနစ် မှန်ကန်စွာဖြင့် ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိရန် ပြင်းပြင်း ထန်ထန် လေ့ကျင့်ကြိုးစားကြရန် လိုအပ်ကြောင်း၊ လေ့ကျင့်မှု(Training)များ ပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာ (Injury)မရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် အားကစားသမားတစ်ဦးချင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင် သွားလာလေ့ကျင့်ကြပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အတိုင်း အားကစားသမားများအနေဖြင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် အနိုင်မခံအရှုံးမပေးသည့် အားကစားသမားကောင်းတို့၏ မဆုတ်မနစ် မလျော့သော ဇွဲသတ္တိ၊ စိတ်ဓာတ်တို့ဖြင့် နောက်ဆုံးအချိန်ထိကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကွမ်ဒိုအားကစားသမားများ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် ဝတ်ဆင်မည့် အားကစားဝတ်စုံနှင့် လေ့ကျင့်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများအား အားကစားသမားများ လေ့ကျင့်မှု(Training)များ ပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာ (Injury) မရရှိစေရေး အထူးဂရုစိုက်လေ့ကျင့်သင်ကြားပေးရန်နှင့် ကျန်းမာရေးသည် အရေးကြီးသည့်အတွက် အားကစားသမားများ၏ နေထိုင်သွားလာလှုပ်ရှား လေ့ကျင့်မှုများကို အထူးဂရုစိုက်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ အားကစားသမားများ စံနမူနာထားပြီး လေးစားအတုယူအားကျရသော စံပြနည်းပြဆရာကောင်းများဖြစ်အောင် ဝတ်စားဆင်ယင်နေထိုင်ကြရန်နှင့် အားကစားသမားများ စံချိန်/စံညွှန်းများကောင်းမွန်စေရေးအတွက် စနစ်တကျ သင်ကြားလေ့ကျင့်၍ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီးနောက် အားကစားသမားများအနေဖြင့်လည်း နေထိုင်စားသောက်ရေးနှင့်လေ့ကျင့်မှုများပြုလုပ်ရာတွင် အခက်အခဲများ ရှိပါက တာဝန်ရှိသူများထံ အချိန်မရွေးတင်ပြပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။