အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ်(၂၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား ယနေ့ နေ့လည်(၂)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ Project Manager Mr.Denis DEGTEREV ၊  Executive Director Mr.Ivan IVANOV၊ Chief Executive Officer Mr.Sergei  RESTEVANIAN၊ CEO,Company PTK-Group Mr.Sergey MALINOV နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ မိတ်ဆက်အမှာစကားပြောကြားရာတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အနေဖြင့် မိမိတို့ ဝန်ကြီးဌာနသို့ လာရောက်ပြီး အားကစားကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးပေးခြင်းအတွက် လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ဂုဏ်ယူဝမ်းသာမိပါကြောင်း၊ ယခုတွေ့ဆုံမှု မှ မြန်မာနှင့်ရုရှား နှစ်နိုင်ငံပေါင်းစပ်ပြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊  ရုရှားနိုင်ငံတွင် အထူးသဖြင့် ဘောလုံး၊ လက်ဝှေ့၊ ဂျူဒို၊ ဘော်လီဘော၊ ပြေးခုန်ပစ် စသည့် အားကစားနည်းများသည် လူအများစိတ်ပါဝင်စားသည့် အားကစားနည်းများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ယခင်ကတည်းက အားကစားကဏ္ဍနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းများရှိပါကြောင်း၊ ထို့ကြောင့်  မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အားကစားကဏ္ဍနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် ဆက်လက်ပြီး ကူညီပံ့ပိုး ပေးစေလိုပါကြောင်း၊ မြန်မာအားကစားသမားများ အနေဖြင့် ရုရှားနိုင်ငံ တွင် ပညာသင်ကြားနိုင်ရန်အတွက် ပညာတော်သင် Scholarship များ ခေါ်ယူပေးစေလိုပါကြောင်း၊ လာမည့်နှစ်များတွင် မြန်မာ့ရိုးရာလက်ဝှေ့နှင့် ရုရှားလက်ဝှေ့ကို ပေါင်းစပ်ပြီး ပြိုင်ပွဲများ ကျင်းပပြုလုပ် သွားလိုပါကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် ရုရှားနည်းပြများနှင့် ပူးတွဲလေ့ကျင့်ရန် ဆန္ဒရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ မြန်မာကရာတေးကစားသမားများကို အခမဲ့ ခေါ်ယူသင်ကြားလေ့ကျင့်ပေးလျက် ရှိသည့်အတွက် ရုရှားနိုင်ငံ အနေဖြင့်လည်း ၎င်းတို့အားသာချက်ရှိသည့် အားကစားနည်းများအနက်မှ မြန်မာအားကစားသမားများကို ပူးတွဲလေ့ကျင့်နိုင်ရန် Joint Training (သို့မဟုတ်) ရုရှားနည်းပြများမှ မြန်မာနိုင်ငံသို့ လာရောက်လေ့ကျင့်ပေးစေလိုပါကြောင်း၊ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားအဖွဲ့ချုပ်များစွာ ဖွဲ့စည်းထားရှိပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အထက်တန်းအောင်မြင်ပြီး B.Sc(Sport) တက်ရောက်နေသည့် ကျောင်းသား/သူများ အနေဖြင့် ရုရှားနိုင်ငံရှိ Sport University များ၌ Master Degree  နှင့် အခြား Training Programme များတွင် တက်ရောက်ပညာသင်ကြားနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ရှရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့ Project Manager Mr.Denis DEGTEREV မှ မြန်မာနိုင်ငံမှ နည်းပြနှင့် အားကစားသမားများကို မော်စကိုသို့ Training လာရောက်လေ့ကျင့်နိုင်ရန် ခေါ်ယူပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားလှုပ်ရှားမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးလာမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ရုရှားလက်ဝှေ့ကြိုးဝိုင်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့ကို မိတ်ဆက်ပေးသွားမည်ဟု စဉ်းစားထားပါကြောင်း၊ မြန်မာအားကစားသမားများနှင့် ရုရှားအားကစား သမားများ ပူးပေါင်း၍ အားကစားပြိုင်ပွဲတစ်ခု ပြုလုပ်သွားရန် လျာထားလျက်ရှိပါကြောင်း၊ ယခင် တွေ့ဆုံမှုတွင် ရုရှားပညာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးတို့မှ မြန်မာနိုင်ငံမှ ကျောင်းသား/ သူများ ရုရှားနိုင်ငံသို့ လာရောက်ပညာသင်ကြားနိုင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး ယခု ရုရှားနိုင်ငံ၊ မော်စကို တက္ကသိုလ်အသီးသီးတွင် မြန်မာကျောင်းသား /သူ (၂၈)ဦး တက်ရောက် ပညာသင်ကြားလျက် ရှိပါကြောင်း၊ အားကစားကဏ္ဍနှင့် ပတ်သက်၍လည်း ပညာသင်ဆုရယူ လျှောက်ထားနိုင်ရန် လိုအပ် သော စာရွက်စာတမ်းများ၊ ကန့်သတ်ချက်များနှင့် အခြားလိုအပ်ချက်များရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အားကစားကဏ္ဍနှင့် ပတ်သက်၍ အချိန်တိုအတွင်း အောင်မြင်မှုရရှိရန် ၎င်းတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် အရည်အချင်းရှိသော အားကစားသမားများ များစွာရှိသည့်အတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဆိုလျှင် ထူးချွန်ပြီး အရည်အချင်းရှိသော အားကစားသမားများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံတွင် ရာသီဥတိုဆိုးရွားသည့်ကာလများ၌ အားကစားလေ့ကျင့်မှု ပြုလုပ်ရန် အခက်အခဲများရှိပါက မြန်မာနိုင်ငံသို့လာရောက်လေ့ကျင့်နိုင်ရန် နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ် ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေးပူးပေါင်း ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိပါသဖြင့် Protocol အရ State Level သို့ အဆင့်ဆင့် တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။