အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ မတ်(၁၈) ။

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ယှဉ်ပြိုင်ရန်အတွက်  တရုတ်နိုင်ငံ၌ (Joint Training) ပူးတွဲသွား ရောက်လေ့ကျင့်ခဲ့သည့် (ဘော်လီဘော၊ လက်ဝှေ့၊ အလေးမနှင့် ဝူရှူး) အားကစားအဖွဲ့များနှင့် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် (ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ်) အားကစားအဖွဲ့များအား ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓီအားကစားရုံ (A)၌ ဂျူဒို လက်ရွေးစင်အားကစားသမားများ၏ ဝိတ်တန်းအလိုက် သရုပ်ပြယှဉ်ပြိုင်ကစားနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများနှင့်တွေ့ဆုံ၍ ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ ဆိုသည့်ဆောင်ပုဒ်အတိုင်း ကျန်းမာရေးသည် အဓိက အရေးကြီးကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာရေးနှင့်အညီ နေထိုင်သွားလာကြရန် လိုအပ်ပြီး နောက်ဆုံးအချိန်ထိ အနိုင်မခံအရှုံးမပေးဘဲ အားကြိုးမာန်တက် ရေကုန်ရေခမ်း လှေခွက်ချည်းကျန် အလံမလဲသော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် ဖြတ်ထိုးဉာဏ်သုံးပြီး အခွင့်အရေးကို အကျိုးရှိရှိ အသုံးချ၍ ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း၊

ထို့နောက် ဝဏ္ဏသိဒ္ဓီအားကစားရုံ (B)၌ လေ့ကျင့်လျက်ရှိသော ဘော်လီဘောအားကစားသမားများ အနေဖြင့် တရုတ်နိုင်ငံ၌ Joint Training ဖြင့် အားကစားနည်းစနစ်များကို (၂)လကြာ သွားရောက် သင်ယူ လေ့ကျင့်ခဲ့ပြီး နိုင်ငံတကာမှ အားကစားသမားများကဲ့သို့ လေ့ကျင့်မှုများပြုလုပ်ရာတွင် အပင်ပန်းခံ လေ့ကျင့်၍ ခံနိုင်ရည် ရှိရန်လိုအပ်ကြောင်း၊ 31st SEA GAMES ပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြုအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတိုင်းပြည်၊ မိမိအားကစားနည်းအတွက် သွားရောက်ယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အတွက် လိုအပ်သောလေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန် ကြိုးစားရမည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက် အတွက် ကြိုးစားခြင်းမျိုးမဟုတ်ဘဲ နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သောကြောင့် အားကစားသမားများ အနေ ဖြင့်လည်း နည်းပြများမှ ၎င်းတို့၏ ဖြတ်သန်းတွေ့ကြုံ လာသော အတွေ့အကြုံများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြား ပေးသည့်အတိုင်း လေ့ကျင့်မှုမပျက်ကွက်ဘဲ ပုံမှန်လေ့ကျင့်ကြိုးစား အားထုတ် သွားကြ ရန် လိုအပ်ကြောင်း၊ အားကစားသမားတစ်ဦးချင်းစီတိုင်းသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး ဆုတံဆိပ် များရရှိရန် အရေးကြီးသည့် အတွက် မိမိနိုင်ငံနှင့်လူမျိုးအတွက်ပါ ဆုံးရှုံးမှုများမရှိစေရန် မိမိကိုယ်မိမိ ကျန်းမာရေး ကောင်းအောင် အထူးဂရုစိုက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊         

ဆက်လက်ပြီး ဝဏ္ဏသိဒ္ဓီအားကစားရုံ (C)၌ လေ့ကျင့်နေသော ပိုက်ကျော်ခြင်းအားကစားသမားများ အား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးမှ မိမိကိုယ်တိုင် အားကစားသမားတစ်ဦးဖြစ်သည့်အတွက် အားကစား သမားများ၏ စိတ်ခံစားချက်ကို နားလည်ကိုယ်ချင်းစာပေးနိုင်ကြောင်း၊ ကျန်းမာမှရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ကိုနိုင်ရမည်ဆိုသည့် မလျော့သော ဇွဲ၊ စိတ်ဓာတ်၊ တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ် မမွေးဘဲ အသင်း/အဖွဲ့အစည်းစိတ်ဓာတ်တို့ဖြင့် ကြိုးစားလေ့ကျင့် ကြရန် လိုအပ်ကြောင်း၊

ထို့နောက် လက်ဝှေ့လေ့ကျင့်ရေးရုံတွင် လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့အားကစားသမားများ အနေဖြင့် တရုတ်နိုင်ငံတွင် ပူးတွဲသွားရောက်လေ့ကျင့်စဉ် ရရှိခဲ့သည့် အတွေ့အကြုံများ၊ နည်းစနစ်ပိုင်းများ အတိုင်း ဆက်လက်လေ့ကျင့်ဆောင်ရွက်သွားကြရန်နှင့် ပြိုင်ပွဲတွင်မိမိတို့၏ အရည်အချင်းများကို ထုတ်ဖော် ပြသခွင့်နှင့် ကြိုးစားလေ့ကျင့်မှုများ အလဟဿမဖြစ်စေရေးအတွက် ကျန်းမာရေးကောင်းမွန်အောင် အထူးဂရုစိုက်ပြီး နေထိုင်သွားလာလေ့ကျင့်ကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်၏ အားနည်းချက်၊ အားသာချက်ကို အသုံးချပြီး ဖြတ်ထိုးဉာဏ်ဖြင့် ချက်ကောင်းထိအောင် ကိုယ်စွမ်း ဉာဏ်စွမ်းနှင့် အားကစားသမားကောင်းစိတ်ဓာတ်ထားပြီး မျှမျှတတ ကြိုးစား ယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်း၊

ဆက်လက်၍ တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံတွင် လေ့ကျင့်လျက်ရှိသည့် တိုက်ကွမ်ဒိုအားကစားသမားများ အနေဖြင့်လည်း ကျန်းမာရေးအထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ သွားလာနေထိုင်လေ့ကျင့်မှုများကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ လေ့ကျင့်မှုများ ပြုလုပ်ရာတွင် လိုအပ်သောအုပ်ချုပ်မှု၊ ထောက်ပံ့မှုနှင့် အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  

ပြီးနောက် မြားပစ်အားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်ပစ် ခတ်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအနေဖြင့် ပြိုင်ပွဲကာလ နီးကပ်လာပြီ ဖြစ်၍ ကျန်းမာရေး အထူးဂရုစိုက်ကြရန်နှင့် နေထိုင်စားသောက်မှုများတွင်  ဂရုစိုက်ဆင်ခြင် ကြရန် လိုအပ်ကြောင်း၊ မိမိတို့ ကြိုးစားအားထုတ်မှုကို မိမိတို့ကိုယ် တိုင်သိရှိပြီး ဆုတံဆိပ်များရရှိရန် မည်မျှထပ်မံကြိုးစားရမည်နှင့် ပြိုင်ပွဲတွင် အရည်အချင်းထုတ်ဖော်ပြသနိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားလေ့ကျင့်ကြရန်၊ စိတ်တည်ငြိမ်မှုရှိစေရန်နှင့် မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်အတွက် လေ့ကျင့် ကြရန်လိုအပ်ကြောင်း၊

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Social Zone တွင် လေ့ကျင့်လျက်ရှိသည့် ဗိုဗီနမ်အားကစားသမားများနှင့်တွေ့ဆုံ၍ အားကစားသမားများ အားလုံးကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် နေထိုင်စားသောက်မှု ဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များ အဆင် ပြေချောမွေ့စေရေး အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်း၍ ပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် မိမိပြိုင်ဘက်အား “ အ ထင်လည်း မသေးသင့်သလို အထင်လည်းမကြီးသင့်ပါကြောင်း” ၊ ပြိုင်ပွဲနောက်ဆုံးချိန်အထိ အနိုင်ရအောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင် ကြရန်၊ မိသားစုစိတ်ဓာတ်ထားရှိ၍ အချင်းချင်းရိုင်းပင်း ကူညီဖေးမနေထိုင်သွားကြရန်နှင့် အားကစားသမားများ အနေဖြင့် လိုအပ်သည်အခက်အခဲများရှိပါက တာဝန်ရှိသူများမှတစ်ဆင့်တင်ပြပြီး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။