အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ်(၁၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ ဆိုလာစနစ်ဖြင့် ရေရရှိရေး၊ ဘောလုံးကွင်းအမြဲသန့်ရှင်းသာယာလှပမှု ရှိစေရေး ဆောင်ရွက်ထားရန်နှင့် ကွင်းပတ်လည်တွင် ဈေးရောင်းချသူများမရှိစေရေး ကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဘောလုံးကွင်းပွဲကြည့်စင်နှင့် အုတ်နံရံတံတိုင်းများ ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်မှာကြားခဲ့ပြီး မိမိတို့ဝန်ကြီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားကဏ္ဍတွင် သာမက လူငယ် ရေးရာကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ် များရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံးများသို့ ရုံးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင်နိုင်စေရန် လိုအပ်သည့် လုပ်ငန်းလမ်းညွှန်ချက်များကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးသို့ ဆက်လက် ထွက်ခွာခဲ့ရာ ချောက်မြို့နယ်သို့ရောက်ရှိပြီး ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဘောလုံးအားကစားကွင်းသန့်ရှင်းသာယာမှုရှိစေရေး နှင့် စိမ်းလန်းစိုပြေမှုရှိစေရေးအတွက် ဘောလုံးကွင်း ရေဖျန်းစနစ်အား စနစ် တကျ အသုံးပြုလုပ် ဆောင်သွားရန် မှာကြားခဲ့ပြီး မိုးလုံလေလုံအားကစားရုံ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ ခိုငှက်များ မဝင်နိုင်အောင် ဝင်ပေါက်များအား ကာရံထားရန်လိုကြောင်း၊ နေ့စဉ်သန့်ရှင်းရေးပြုလုပ် ဆောင်ရွက် ထားကြရန်နှင့် လစဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ပြုလုပ်ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် ဘောလုံးအားကစား ကွင်းနှင့် မိုးလုံလေလုံအားကစားရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘောလုံးကွင်း မြက်ခင်း များ စိမ်းလန်းစိုပြေမှုရှိစေရေးအတွက် ရေလုံလောက်မှုရရှိစေရေး၊ ပြည်သူများ အားကစားကို လွတ်လပ်ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ ဘောလုံးကွင်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံများအား ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့် ရှောက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်(၈)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ရုံးလုပ်ငန်းတာဝန် များကို ထမ်းဆောင်ရာတွင် အထက်/အောက် အပြန်အလှန် လေးလေးစားစား စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုလျှင် မည်သည့် လုပ်ငန်းကိုမဆို အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း သွားလာနေထိုင် လှုပ်ရှားကြရန်နှင့်  ကျန်းမာရေးအထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အသိပညာဗဟု သုတနှင့် ဉာဏ်ပညာတိုးပွားအောင် ရသမျိုးစုံပါသော စာအုပ်စာပေများကို ဖတ်ရှု လေ့လာမှတ်သား ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်(၉)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်း များကို တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးချုပ်ထံသို့ အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးခရိုင် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဘောလုံးကွင်းစိမ်းလန်း စိုပြေစေရေး၊ ကွင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် ဘောလုံးအားကစားကွင်းအား စနစ် တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိရန် လမ်းညွှန် မှာကြားခဲ့ပြီး မကွေးတိုင်းဘောလုံးအားကစားကွင်း တည်ဆောက်နေမှု၊ (၂)ထပ် ပွဲကြည့်စင် တည်ဆောက်နေမှု၊ ရေနှုတ်မြောင်းများ ဖောက်လုပ်နေမှုနှင့်  Inner Fence Change Link ကာရံခြင်း လုပ်ငန်းများကို ဆက်လက်၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးခရိုင် ဘောလုံးအားကစားကွင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် ပြည်သူများ စိတ်လက်ပျော်ရွှင်စွာ အချိန်မရွေးလာရောက်လေ့ကျင့် ကစားနိုင်ရေးအား စီမံဆောင်ရွက်ထားရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက် ထားရှိရန် မှာကြားခဲ့ပြီးနောက် ခရိုင်/မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် ဝန်ထမ်းများ အားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။