အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ်(၁၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်(၉)နာရီ အချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းရှိ နှစ်(၇၀၀)ပြည့် ဘောလုံးအားကစားကွင်းသို့ သွားရောက်ခဲ့ပြီး ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်းခင်းကျင်းနေမှု၊ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း ပွဲကြည့်စင်အား ထပ်မံတိုးချဲ့ တည်ဆောက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိရန်နှင့် ဘောလုံးကွင်းတည်ဆောက်ပြီးစီးပါက ပြည်သူများ စိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိရန်လိုကြောင်းနှင့် ဘောလုံးကွင်းပတ်လည်ရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စနစ်တကျ ပြုလုပ်ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဖူဆယ်အားကစားရုံနှင့် ကာယဗလ/ကာယအလှ အားကစားရုံအတွင်းရှိ လက်ဝှေ့စင်တည်ဆောက်ထားရှိမှုများကို ပြည်ထောင်စုဝန်ကြီးမှ လိုက်လံကြည့်ရှုခဲ့ပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့အောင် စနစ်တကျထိန်းသိမ်း ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရမှုမရှိစေရေးအတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအောက်တွင် လူငယ်ရေးရာဦးစီးဌာနကို တရားဝင်ဖွဲ့စည်း လိုက်ပြီဖြစ်သောကြောင့် ဝန်ထမ်းများအနေဖြင့် အားကစားကဏ္ဍတွင်သာမက လူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် လူငယ်ရေးရာကဏ္ဍကိုလည်း ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊  ဝန်ထမ်းများအချင်းချင်း မိသားစု စိတ်ဓါတ်ဖြင့် ရုံးလုပ်ငန်း တာဝန်များကို ချစ်ခင်စည်းလုံးစွာဖြင့် ဝိုင်းဝန်းပူးပေါင်း၍ အပြန်အလှန် ကူညီရိုင်းပင်း ဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး အခြားလိုအပ်သည်များရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်တင်ပြနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘောလုံးကွင်း စိမ်းလန်းစိုပြေစေရေးနှင့် Score Board အဆင့်မီစေရေးအတွက်ပြုပြင် ဆောင်ရွက်သွားရန်၊ ခရိုင်ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် သန့်ရှင်းရေးအမြဲတမ်း ပြုလုပ်ဆောင်ရွက်သွားကြရန်နှင့်၊ စားပွဲတင် တင်းနစ် အားကစားရုံ၊ GYM အားကစားရုံနှင့် မြဧရာ တင်းနစ်အားကစားကွင်းတွင် တင်းနစ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအားကြည့်ရှုခဲ့ပြီး အားကစားသမားများအတွက် လိုအပ်သော အားကစားပစ္စည်းများအား ထောက်ပံ့ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းမြို့နယ် မိုးလုံလေလုံအားကစားရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံ ရေရှည်တည်တံ့ စေရေးအတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း အားကစားရုံအတွင်း ခိုငှက်များ မဝင်ရောက်နိုင်အောင် ဝင်ပေါက်များအား ကာရံထားရန်အတွက် တာဝန်ရှိသူများအား  လမ်းညွှန် မှာကြားခဲ့ပါသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ မုံရွာမြို့သို့ ရောက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား တွေ့ဆုံ၍ အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ မုံရွာမြို့ တိုင်းဒေသကြီး အားကစားကွင်းသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအား ကျန်းမာရေးသည် အဓိကအရေးကြီးဆုံးဖြစ်ကြောင်း၊ ကျန်းမာမှ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ နေပြည်တော်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ညနေရုံးဆင်းချိန်မတိုင်မီ နာရီဝက်ခန့် Fitness Dance စုပေါင်းလှုပ်ရှားကစားလျက်ရှိသည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း ရုံးဆင်းချိန်မတိုင်ခင် ၎င်းဝန်ထမ်းများနည်းတူ Fitness Dance လှုပ်ရှားကစားကြစေလိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း မိသားစုသဖွယ် တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီစောင့်ရှောက်သင့်ကြောင်း၊ ဒါမှသာ ရှေ့ဆက်၍ လုပ်ငန်းတာဝန်များကို ကျေပွန် အောင်မြင်စွာ ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်း စိတ်ဓါတ်များထားရှိကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် နိုင်ငံချစ်စိတ်ဖြင့် ကျန်းမာပျော်ရွှင် စွာ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။          

ထို့နောက် မတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိပြီး သင်တန်းသား/သင်တန်းသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ကာကွယ်ထိန်းချုပ်ရေးစည်းမျဉ်းစည်းကမ်းများအတိုင်း သွားလာနေထိုင်လှုပ်ရှားကြရန်နှင့်  ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မိသားစုစိတ်ဓာတ်ထားရှိကြရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားအောင် စာအုပ်စာပေများများ ဖတ်ကြရန်လိုအပ်ကြောင်း၊ မိမိကိုယ်တိုင် အားကစားသမားတစ်ဦး ဖြစ်သည့် အတွက် အားကစားသမားများ၏ စိတ်ခံစားချက်များကို နားလည်စာနာပေးနိုင်ကြောင်း၊ လိုအပ်သည်များရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီးနောက် ကျောင်းဝန်းအတွင်းရှိ ရုံးခန်း၊ ဆေးခန်း၊ အားကစားနှင့် ပညာရေးပေါင်းစပ် အထက်တန်းကျောင်းရှိ စာသင်ခန်းများ၊ အားကစားလေ့ကျင့်ရေးရုံများ၊ စားရိပ်သာတွင် သင်တန်းသား/သင်တန်းသူများအတွက် ချက်ပြုတ်ပြင်ဆင် ဆောင်ရွက်ထားမှုများနှင့် သင်တန်းသား/သင်တန်းသူ အိပ်ဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။