အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အာဆီယံအားကစားမြှင့်တင်ရေးဖိုရမ် (ASEAN Forum for Promotion of Women Participation in Sports) အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၈) ရက်။

အာဆီယံအားကစားဆိုင်ရာလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) (ASEAN Work Plan nd Sports 2021-2025) တွင် မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ထည့်သွင်းထားသည့် လှုပ်ရှားမှု (၅)ခု အနက်မှ (၁)ခု အပါအဝင်ဖြစ်သောအာဆီယံဒေသတွင်းအားကစားကဏ္ဍ၌ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ပါဝင်မှုမြှင့်တင်ရေးဖိုရမ်/အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေးအစီအစဉ် အောက်ရှိ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံမှဦးဆောင်၍ “ASEAN Forum for Promotion of Women Participation in Sports” ဖိုရမ်အားယနေ့နံနက် (၈)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း မီဒီယာခန်းမ (Media Room) ၌ Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံးအဖွဲ့နှင့် SOMS ရုံးအဖွဲ့တို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Deputy Secretary General H.E. Ekkaphab Phnthavong နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့၏ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည့် ဗွီဒီယို ရုပ်သံဖိုင် (Video Clips) များကိုဖွင့်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ မနက်ပိုင်း အခမ်းအနားကို စတင်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ယနေ့ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် အာဆီယံအားကစားဆိုင်ရာအမျိုးသမီးများ ပူးပေါင်းပါဝင်မှုမြှင့်တင်ရေးဖိုရမ်ကို လက်ခံကျင်းပခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများသည် ဆင်းရဲမွဲတေမှုကိုလျော့ချရန်၊ ကမ္ဘာကြီးကိုကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးကိုမြှင့်တင်ရန်စသည့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊ အမျိုးသမီးများသည် အားကစားကဏ္ဍတွင် ထူးချွန်ထက်မြက်ရုံသာမက လူထုအားကစားတွင်လည်း အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုသည် အမှန်တကယ်အရေးကြီးပါကြောင်း၊ Excellent Sports သည် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင် ခြင်းဖြစ်ပြီး Mass Sports သည် ကျန်းမာရေးအတွက် ကောင်းမွန်သော အားကစားနည်း ဖြစ်သောကြောင့် အားကစားကဏ္ဍတွင် အမျိုးသမီးများ၏ပါဝင်မှုကို မြှင့်တင်ရန်အတွက် စနစ်ကျသော အစီအစဉ်များရေးဆွဲရန်လိုအပ်ပါကြောင်း၊ နိုင်ငံတိုင်းတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဖြစ်ပွားလျက်ရှိပြီး အားကစားကဏ္ဍအပါအဝင် အခြားသောအခြေအနေများစွာတွင်လည်း ဖြစ်ပွားနေသည်ကို မြင်တွေ့နိုင်ပါကြောင်း၊ ဤဖိုရမ် သို့တက်ရောက်လာသော အသိပညာရှင်/အတတ်ပညာရှင်များနှင့် အသိပညာ နှီးနှောဖလှယ်ခြင်းဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ကျား/မ တန်းတူညီမျှမှု အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု ထင်မြင်ယူဆပါကြောင်း၊ ထို့အပြင် အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများ လွတ်လပ်စွာအားကစားပြုလုပ်နိုင်သည့် နေရာများတွင် Outdoor Fitness များကိုတပ်ဆင်ထားရှိရန် ကျွန်ုပ်တို့ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဒေသဆိုင်ရာကျောင်းများတွင် လူငယ်လူရွယ်များအထူးသဖြင့် အမျိုးသမီးငယ်များအား အားကစားနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် အားကစားသရုပ်ပြ အစီအစဉ်များကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အားကစားတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်အတူတကွပူးပေါင်း၍ လက်တွဲဖြတ်ကျော်လိုပါကြောင်း၊

နိဂုံးချုပ်အနေဖြင့် အိုလံပစ်အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်သည့်အခါ အားကစားသမားအရေအတွက်ကို ထိန်းညှိပြီး အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုများတွင် အမျိုးသမီးများကို ခေါင်းဆောင်မှုအခန်းကဏ္ဍများ၌ ပိုမိုခန့်အပ်ခြင်းဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် ကျား/မ တန်းတူညီမျှမှုတို့ကို မြှင့်တင်ရေးအတွက် အရေးအကြီးဆုံး ပလက်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ ဤဖိုရမ်မှ တစ်ဆင့် Action Plan နှင့်အတူ အားကစားတွင် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့်များစွာ ကြိုးပမ်းဆောင်ရွက်ရမည်ဟု အခိုင်အမာယုံကြည်ပါကြောင်း၊ အနာဂါတ်အားကစားဆိုင်ရာ လှုပ်ရှားမှုများတွင် အထူးသဖြင့် အမျိုးသမီးအားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၌ အာဆီယံနှင့်မြန်မာနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကိုတည်ဆောက်ပြီး ကျွန်ုပ်တို့၏ အမျိုးသားရေးအဆင့်တွင် ဖွံ့ဖြိုးတိုးတက်သောအစီအစဉ်များ၊ ပရိုဂရမ်များနှင့် မဟာဗျူဟာ များကိုလုပ်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းမှ “Women in Sports in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Thailand National Sports University (Chiang Mai Campus) မှ ကထိက Ms. Pacharakamon Arkornsakul က “Suggestion for Increasing Female Sports Participation in Thailand” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာ မှ “Women Lead Women at Administrative Role in Sports” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလေးရှားအိုလံပစ်ကောင်စီ အမျိုးသမီးနှင့်အားကစားကော်မတီမှ အဖွဲ့ဝင် Ms. Nurul Huda Abdullah က “Women in Sports: Malaysia’s Journey to Action” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး‌နောက် ဖိုရမ်သို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး မနက်ပိုင်းအစီအစဉ်ကို ခေတ္တခဏ ရပ်နားခဲ့ပါသည်။

ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်ကို (၁၂)နာရီအချိန်တွင် ပြန်လည်စတင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ဒဂုံတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာစိမ်းညိုညိုကို မှ “Women’s Participation in Sports in Higher Education” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Portas Consulting and Head of the Asia Pacific office မှ Mr. Asahi Takano က “2021 ASEAN Sports Participation Study” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ International Government and Business Expert (Portas) မှ Mr. JhoshanJothilingam က “2021 ASEAN Sports Participation Study” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာသန်းသန်းဌေး မှ “Women Participation in Paralympic Sports” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ပညာရေး၊ လူငယ်နှင့်အားကစားဌာနမှ Senior Officer Ms. LarastiIndrawagit မှ “Outcomes of ASEAN-Japan Action on Sports Project: Policy Workshop on Gender Equality in Sports and ASEAN #WeScore Campaign” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဖိုရမ်သို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီးနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး မှ Deputy Secretary General H.E. Ekkaphab Phanthavong နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့မှ နိဂုံးချုပ် အမှာစကားပြောကြား ပြီး နေ့လည် (၂) နာရီအချိန်တွင် အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။