အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီလ(၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့ နံနက်ပိုင်းတွင် (၃၁)ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် တိုက်ကွမ်ဒို အားကစားလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသော တိုက်ကွမ်ဒို အားကစားအဖွဲ့မှ (ကကွက်) အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မောင်ဆန်းရှိုင်းနှင့် မနေရီဦးတို့၏ (ကကွက်)တစ်ဦးချင်းသရုပ်ပြသမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအားလုံး ကျန်းမာရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် အနေအထိုင် အသွားအလာ ဂရုစိုက်ကြရန်လိုကြောင်း မှာကြားခဲ့ပြီး အားကစား သမားများ၏ တင်ပြချက်များ/လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ဘတ်စကက်ဘော အားကစားလေ့ကျင့်ရေးရုံ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်မည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများမှ ဝန်ထမ်းအင်အား စုစုပေါင်း (၁၆၄)ဦးတို့၏ စစ်ရေးပြ လေ့ကျင့် နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် အခမ်းအနားတက်ရောက်မည့် ဝန်ထမ်းများအားလုံး ကိုယ်ခံအားကောင်းအောင် အိပ်ရေးဝဝ အိပ်စက်အနားယူကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာသည့်အတွက် သွားလာနေထိုင်လေ့ကျင့်မှုများတွင် ဂရုစိုက်ကြရန် လိုကြောင်း၊ စစ်ရေးပြလမ်းလျှောက်ချီတက်ရာတွင် အားမာန်အပြည့်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် စစ်ရေးပြအဖွဲ့များ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ (၃၁)ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန်အတွက်လေ့ကျင့်လျက်ရှိသော ပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အားကစား သမား အမျိုးသား(၄)ယောက်တွဲနှင့် အမျိုးသမီး(၂) ယောက်တွဲ ပြိုင်ပွဲပုံစံ လေ့ကျင့်ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအနေဖြင့် ယှဉ်ပြိုင်ကစားရာတွင် အကွက်ချ၍ ခေါင်း/ဘယ်/ညာ ဘက်ပေါင်းစုံမှ ဆယ်မ ကစားနိုင်အောင် လေ့ကျင့်ထားရန်လိုကြောင်း မှာကြားခဲ့ပြီး အားကစားသမားများအား လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။