အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ(၄)ရက်။

ပြည်သူလူထုအတွင်း အားကစားကိုပိုမိုစိတ်ပါဝင်စားလာစေရေး၊ အလားအလာရှိသော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် စက်ဘီးအားကစားလောက ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ (၅၀) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲ နှင့် အမျိုးသား (၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား မီတာ(၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ မောင်ရှိုင်းထက်အောင် (မန္တလေး) (၁:၀၇.၁၆)စက္ကန့် ၊ ဒုတိယ မောင်ထိန်လင်းအောင် (မန္တလေး) (၁:၁၂.၈၁)စက္ကန့် နှင့် တတိယ မောင်ကောင်းထက်လင်း (ဧရာဝတီ) (၁:၁၄.၄၈)စက္ကန့် တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်မင်းသန်း မှလည်းကောင်း၊

အမျိုးသား မီတာ(၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ မောင်ရှိုင်းထက်အောင် (မန္တလေး) (၃:၂၄.၇၉)စက္ကန့် ၊ ဒုတိယ မောင်ဘုန်းပြည့်စိုး (ဧရာဝတီ) (၃:၄၄.၉၄)စက္ကန့် နှင့် တတိယ မောင်စိုးဝေလင်း (မန္တလေး) (၃:၅၂.၃၈)စက္ကန့်တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး မှလည်းကောင်း၊

အမျိုးသား(၁၅)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲတွင် ပထမ မောင်ဘုန်းပြည့်စိုး (ဧရာဝတီ) (၂၄:၂၄.၁၆)စက္ကန့် ၊ ဒုတိယ မောင်တင်ကိုဝင်း (ဧရာဝတီ) (၂၄:၂၅.၃၅)စက္ကန့်နှင့် တတိယ မောင်ထိန်လင်းအောင် (မန္တလေး) (၂၄:၂၅.၄၄)စက္ကန့်တို့အား  အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလွင် မှလည်းကောင်း၊

အမျိုးသမီး မီတာ(၅၀၀) တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ မစိုးစန္ဒာဝင်း (တနင်္သာရီ) (၄၂:၀၉)စက္ကန့် ၊ ဒုတိယ မဖူးပွင့်ချို (မကွေး) (၄၅:၆၇)စက္ကန့်နှင့် တတိယ မကေဇင်ဖြိုး (တနင်္သာရီ) (၄၅:၇၀)စက္ကန့်တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးမှလည်းကောင်း၊

အမျိုးသမီး မီတာ(၃၀၀၀) တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ မမိုးမိုးကြည် (တနင်္သာရီ) (၄:၂၆.၄၈)စက္ကန့် ၊ ဒုတိယ မမိုးအိဖြူ (ဧရာဝတီ) (၄:၄၀.၉၇)စက္ကန့်နှင့် တတိယ မဝေဝေလှိုင် (ဧရာဝတီ) (၄:၄၃.၂၇)စက္ကန့်တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး မှလည်းကောင်း၊

အမျိုးသမီး (၉)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲတွင် ပထမ မမိုးမိုးကြည် (တနင်္သာရီ) (၁၅:၀၅.၄၈)စက္ကန့် ၊ ဒုတိယ မသဲစုမောင် (ဧရာဝတီ) (၁၅:၀၅.၅၂)စက္ကန့်နှင့် တတိယ မဝေဝေထွန်း (ဧရာဝတီ) (၁၅:၀၅.၅၉)စက္ကန့်တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှလည်းကောင်း၊

အမျိုးသမီး (၉)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် စံချိန် (၁၄:၀၄.၃၇)စက္ကန့်ဖြင့် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ စံချိန်(၁၄:၄၆.၄၅) စက္ကန့် ဖြင့် ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် စံချိန်(၁၄:၅၂.၀၇)စက္ကန့်ဖြင့် တတိယ ဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမြတ်သူ မှလည်းကောင်း၊

အမျိုးသား (၁၅)ကီလိုမီတာ အသင်းလိုက်ပြိုင်ပွဲတွင် စံချိန်(၁၈:၃၂.၂၁) စက္ကန့်ဖြင့် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ စံချိန်(၁၉:၅၂.၉၁) စက္ကန့်ဖြင့် ဒုတိယ ဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စံချိန်(၂၀:၀၉.၀၇)စက္ကန့်ဖြင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ၂၀၁၈ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် မီတာ(၅၀၀)တစ်ဦးချင်းပြိုင်ပွဲ၌ မသမုဒယ (မန္တလေး) မှ တင်ထားသည့် စံချိန် (၄၃.၀၅)စက္ကန့်အား စံချိန် (၄၂.၀၉)စက္ကန့်ဖြင့် စံချိန်သစ် တင်ခဲ့သည့် မစိုးစန္ဒာဝင်း (တနင်္သာရီ)နှင့် ၂၀၂၀ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲတွင် မီတာ(၁၀၀၀) တစ်ဦးချင်းပြိုင်ပွဲ၌ မောင်ကောင်းစည်သူ(ပဲခူး) မှ တင်ထားသည့် စံချိန် (၁.၀၈.၇၈) စက္ကန့်အား စံချိန် (၁.၀၇.၁၆) စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့သည့် မောင်ရှိုင်းထက်အောင် (မန္တလေး) တို့အားလည်းကောင်း၊ အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် မမိုးမိုးကြည် (တနင်္သာရီ)၊ အမျိုးသား အကောင်းဆုံးဆုရရှိသည့် မောင်ရှိုင်းထက်အောင် (မန္တလေး)တို့အား လည်း ကောင်း၊ ရွှေ(၃)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရွှေ(၃) ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။