အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်း/ ရုံ များကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီလ(၃၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ လိုက်ပါ၍ (၃၀.၁.၂၀၂၂) ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်သို့ ရောက်ရှိပြီး အားကစားရုံနှင့် အားကစားကွင်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစား ကွင်းအတွင်းသို့ ကားများ အဝင်/အထွက်ပြုလုပ်ရာတွင် အဆင်ပြေစေရန် ကားပတ်လမ်းပြုလုပ် နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တွံတေးမြို့သို့ရောက်ရှိခဲ့ပြီး အားကစားရုံရှေ့ရှိ အလံတိုင်အား စတီးတိုင်နှင့်အစားထိုးလဲလှယ်တပ်ဆင်သွားရန်၊ အားကစားရုံအတွင်း ခိုငှက်များ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ခိုငှက်များဝင်ရောက်နိုင်သည့်အပေါက်များ ကာရံထားရန်နှင့် မြို့နယ်ဘောလုံးကွင်းနှင့် (ခ)အဆင့် အားကစားရုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဆိပ်ကြီး/ခနောင်တိုမြို့နယ်သို့ရောက်ရှိခဲ့ပြီး အားကစားကွင်း/ရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် အစဉ်အမြဲသန့်ရှင်းရေး ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၃၁.၁.၂၀၂၂) ရက်နေ့မှ (၁.၂.၂၀၂၂) ရက်နေ့အထိ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲကျင်းပပြုလုပ်မည့် ရန်ကုန်မြို့ အင်လျားကန်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများ အားလမ်းညွှန်ကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်နေကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားမောင်မယ်များအား တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။