အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေး

နေပြည်တော်၊ ဇန်နဝါရီလ(၂၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများဖြစ်ကြသည့် ဗိုလ်ကြီးတင်အောင်(ဘောလုံးအားကစားသမားဟောင်း)၊ ဒေါ်သန်းသန်း(ပြေးခုန်ပစ်)၊ ဒေါ်မာမာမင်း (ပြေးခုန်ပစ်)၊ ဒေါ်နုနုရီ(ပြေးခုန်ပစ်)၊ ဒေါ်ခင်မူမူ(ဂျူဒို)တို့နှင့် တွေ့ဆုံသည့် အခမ်းအနားကို ယနေ့ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (VIP)ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်ဆန်းဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားကဏ္ဍ ကျဆင်းလာသည်ကို တွေ့ရှိရပါသဖြင့် အားကစားကဏ္ဍကို လမ်းကြောင်းတစ်ခုပေါ်ရောက်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ပြီး ပြန်လည်တည့်မတ်ပေးသင့်ကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ကစားသမားဟောင်းကြီးများအနေဖြင့် အကြံဉာဏ်များပေးရန် တောင်းဆိုလိုကြောင်း၊ အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မျိုးဆက်သစ်ကစားသမား လူငယ်များကို ငယ်ရွယ်စဉ်အချိန်မှစ၍ ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများမှ နောက်မျိုးဆက်သစ်လူငယ်ကစားသမားများ အားကစားသမား စိတ်ဓါတ်ကောင်းများရှိစေရန်နှင့် အလား အလာရှိသော နည်းပြကောင်းများဖြစ်ပေါ်လာစေရန်အတွက် မိမိတို့၏အတွေ့အကြုံများနှင့်ပညာများကို ပြန်လည်မျှဝေပေးစေလိုကြောင်း၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရယူပေးခဲ့သည့် ကစားသမားဟောင်းကြီးများကို မျိုးဆက်သစ်လူငယ်များမှ လေးစားအားကျအတုယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားသမားဟောင်းများကိုယ်စား ဘောလုံးအားကစားသမားဟောင်း ဗိုလ်ကြီးတင်အောင်မှ မိမိတို့အားကစားသမားဟောင်းများအနေဖြင့် နိုင်ငံတကာတွင်ကျင်းပသည့် SEA GAMES ပြိုင်ပွဲများကို လိုက်ပါအားပေးလိုကြောင်း၊ အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့်လည်း ကျရာကဏ္ဍမှပါဝင်ကူညီဆောင်ရွက်ပေးလိုပါကြောင်းနှင့် ယခုအချိန်တွင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေးအာမခံချက်ရရှိစေရန်အတွက် နိုင်ငံတော်မှ ထောက်ပံ့ကြေး ငွေများပေးသည့်အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါကြောင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးတင်ပြချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် အားကစားကဏ္ဍနှင့်ပတ်သက်ပြီး ဟောပြောပွဲများ ပြုလုပ်ရန်ရှိသည့်အတွက် အားကစားသမားဟောင်းကြီးများမှ ပါဝင်ပြောကြားပေးစေလိုကြောင်း၊ အားကစားသမားများသည် မိမိတို့၏ဘဝတစ်ခုလုံးနှင့်ရင်း၍ အားကစားထဲတွင် ရင်းနှီးမြှပ်နှံထားသည်ကို သိရှိရသည့်အတွက် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ် ချီးမြှင့်နိုင်ရန် တာဝန်ရှိသူများထံ တင်ပြဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားသမားဟောင်းကြီးများ အနေဖြင့်လည်း အခက်အခဲများရှိပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းမှတစ်ဆင့်ဖြစ်စေ မိမိထံ အချိန်မရွေး တင်ပြနိုင်ပါကြောင်းနှင့် မိမိတို့ဝန်ကြီး ဌာန အနေဖြင့် တင်ပြချက်များအပေါ် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။