အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်း ဆင်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီလ (၂၅)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ငွေစာရင်းတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်း/ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလုပ်ဆောင်နိုင်ရန်နှင့် ငွေစာရင်းသွင်းရာတွင် မှန်ကန်မှုရှိစေရေး၊ ခွင့်ပြုဘဏ္ဍာငွေအတိုင်းသုံးစွဲမှုရှိစေရေး၊ အသုံးစရိတ်များ မှန်မှန်ကန်ကန်သုံးစွဲမှု ရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ်(၂/၂၀၂၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ကိုဗစ်-၁၉ ထိန်းချုပ်/ကာကွယ် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှ တက်ရောက်သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းမှ သင်ကြားပို့ချခဲ့သော အသိပညာ၊ အတတ်ပညာနှင့်ဗဟုသုတများကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချပြီး မိမိတို့၏အရည်အသွေး/အရည်အချင်းများကို စွမ်းရည်ပြည့်ဝအောင် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်းစိတ်ဓာတ်အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဦး အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ဌာနတိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ အချိန်နှင့်ဒီရေသည် လူကိုမစောင့်(Time and Tide Wait For No Men) ဆိုသည့်အတိုင်း တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ဝန်ထမ်းများ ကွန်ပျူတာနှင့် အင်္ဂလိပ်ဘာသာစကား ပညာရပ်များကို အချိန်ရှိခိုက် လေ့လာလိုက်စားပြီး ပညာဝမ်းစာ ဖြည့်တင်းရန်လိုအပ်ကြောင်း၊ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို နိုင်ငံ့ဝန်ထမ်း ဥပဒေ/နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး မိမိကိုယ်ကို တန်ဖိုးရှိသောသူများဖြစ်အောင် အမြဲတမ်း ကြိုးစားသွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှလည်း လုပ်ငန်းတာဝန်ကျေပွန်အောင်ထမ်းဆောင်သည့် ဝန်ထမ်းတိုင်းကို လုပ်သက်အလိုက် ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည့်အတွက် နိုင်ငံတော်မှ ဂုဏ်ယူရသည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းအား (၂၇.၁၂.၂၀၂၁) ရက်နေ့မှ (၂၅.၁.၂၀၂၂) ရက်နေ့အထိ သင်တန်းသား/သူ(၂၁)ဦးအား (၁)လကြာ သင်ကြားပို့ချခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား ကွင်း၌ (၂၅.၁.၂၀၂၂)ရက်နေ့မှ (၂၇.၁.၂၀၂၂)ရက်နေ့အထိ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပပြုလုပ်နေသည့် အမျိုးသား/အမျိုးသမီး မီတာ (၁၀၀x၄)လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ (၄၀၀)ပြိုင်ပွဲ၊ အမျိုးသား မီတာ (၁ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား သံပြားဝိုင်းပစ် ပြိုင်ပွဲ၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၅ဝဝ)ပြိုင်ပွဲများကို ကြည့်ရှု အားပေးခဲ့ပြီး ၂၀၁၉ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသမီးတန်းမြင့်ခုန်ပြိုင်ပွဲ တွင်ရရှိခဲ့သည့် ယခင်စံချိန်ဟောင်း (၁.၅၄) မီတာကို စံချိန်သစ်(၁.၆၀)မီတာဖြင့် ပထမဆုရရှိသွားသည့် တနင်္သာရီတိုင်းဒေသကြီးမှ မမြတ်နိုးသူကို အားကစားနှင့်ကာယညာဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂)သိန်း နှင့် ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ချီးမြှင့်ငွေကျပ်(၁)သိန်း စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃)သိန်းကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ  ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် ကျင်းပပြုလုပ်ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မှ ခင်းကျင်းပြသမည့် အားကစားလှုပ်ရှားမှုများပြခန်းသို့ ဆက်လက်သွားရောက်ခဲ့ရာ ပြခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ထပ်မံပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။