အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးရှိ အားကစားကွင်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းများနှင့် အဆင့်မြင့်မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ(၂၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေမန္တလာအားကစားကွင်း အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဗထူးအားကစားကွင်းတွင် အဆင့်မြင့်မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မည့် မြေနေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အောင်မြေမန္တလာ အားကစားကွင်းသို့ ရောက်ရှိပြီး အောင်မြေမန္တလာအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ဘက်ပွဲကြည့်စင် (၄၈၀ပေ ၆၀ပေ) တည်ဆောက်ခြင်းလုပ်ငန်း၊ အရှေ့ဘက်ပွဲကြည့်စင် (၄၄၀ပေ ၃၅ပေ) တည်ဆောက်ခြင်းလုပ်ငန်း၊ မြောက်ဘက်ပွဲကြည့်စင် (၂၈၀ပေ ၃၅ပေ) တည်ဆောက်ခြင်းလုပ်ငန်း၊ Synthetic ပြေးလမ်းနှင့် ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ခံများအား သတ်မှတ်စံချိန်/စံညွှန်းများ အတိုင်း လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ပြီးစီးအောင် ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်ချက်များ တင်ပြချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်မန္တလေးတိုင်းဒေသကြီး ဗထူးအားကစားကွင်း သို့ဆက်လက်ထွက်ခွာခဲ့ပြီး လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဗထူးအားကစားကွင်းအတွင်း အဆင့်မြင့်မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာနှင့်အတိုင်းအတာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။