အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ် တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၁၉)ရက်။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရှိစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို (၇.၁.၂၀၂၂) ရက်နေ့မှ (၂၁.၁.၂၀၂၂) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ (၃)နာရီအချိန်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရလဒ် (၂) ဂိုး – (၁) ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ယနေ့ပွဲစဉ်တွင် (Women of the match) ဆုရရှိခဲ့သည့်   ရှမ်းပြည်နယ် အသင်းမှ ကျောနံပါတ်(၁၀) မနန်းဖြူဖြူသွယ်အား ဆုငွေကျပ် (၅၀၀၀၀)ကို တာဝန်ရှိသူမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို (၂၁.၁.၂၀၂၂)ရက်နေ့ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ နံနက် (၇:၃၀)နာရီအချိန်တွင် မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ (၂၁.၁.၂၀၂၂)ရက်နေ့ ညနေ(၃) နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရခိုင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဘောလုံးဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် အဆိုပါ တတိယလုပွဲ နှင့် ဗိုလ်လုပွဲ ပွဲစဉ်တို့ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV HD) နှင့် (MRTV Sports Channel) ရုပ်သံလိုင်းတို့မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။