အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ် တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၁၈)ရက်။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရှိစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို (၇.၁.၂၀၂၂) ရက်နေ့မှ (၂၁.၁.၂၀၂၂) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ (၃)နာရီအချိန်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းကို ရလဒ် (၃) ဂိုး ဂိုး(မရှိ)ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ယနေ့ပွဲစဉ်တွင် (Women of the match) ဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၀) မမြတ်မြတ်ဌေး အား ဆုငွေကျပ် (၅၀၀၀၀)ကို တာဝန်ရှိသူမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(၁၉.၁.၂၀၂၂)ရက်နေ့ ညနေ (၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်း နှင့် ရှမ်းပြည်နယ်အသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး ဘောလုံးဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်တို့ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Sports Channel) လိုင်းမှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။