အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ လုံခြုံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီလ(၁၇)ရက်။

ဝန်ထမ်းများအားလုံး အေးချမ်းပျော်ရွှင်ပြီး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များကို အပြည့်အဝတာဝန်ထမ်းဆောင်နိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ နည်းစနစ်များ/နည်းဗျူဟာများကို နားလည်သိရှိပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန “ လုံခြုံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)တွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၅) နယ်မြေရဲစခန်းမှ ရဲအုပ်ဆန်းအောင်ငယ်နှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်သဘောပေါက်၍ လုံခြုံရေး သတိ/လုံခြုံရေးအသိစိတ်ဓာတ်ရှိရန်များစွာလိုအပ်ပြီး မိမိတို့၏ရုံးဌာနတစ်ခုလုံး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်ရေးအတွက် လုံခြုံရေးဝန်ထမ်းများအပြင် ဝန်ထမ်းများအားလုံး လုံခြုံရေးသတိအမြဲရှိစေရန်လိုအပ်ကြောင်း၊ လုံခြုံရေးသည်အထူးအရေးကြီးသည့်အတွက် လုပ်ငန်း တာဝန်များထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအားလုံး ဘေးကင်းလုံခြုံပြီး တိုင်းပြည်တာဝန်များ စိတ်အေးချမ်းသာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်သွားနိုင်ရန်အတွက် လုံခြုံရေးဝန်ထမ်းများနှင့် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး သည် အဓိက အရေးကြီးဆုံးဖြစ်သည့်အတွက် သင်တန်းသားများအားလုံး ကျန်းမာရေး အထူး ဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာမှ လုပ်ငန်းတာဝန်များကို အပြည့်အဝ ထမ်းဆောင် နိုင်မည်ဖြစ်သည့်အတွက် သွားလာနေထိုင်စားသောက်ရာတွင် သတိနှင့်အသိရှိကြရန်လိုအပ်ကြောင်း၊ သင်တန်းနည်းပြဆရာများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည့် လုံခြုံရေးဆိုင်ရာ ဘာသာရပ် များ၊ သင်ခန်းစာများကို ကြိုးစားပြီး လေးလေးစားစား လိုက်နာသင်ယူကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ “ လုံခြုံရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)” သင်တန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်းနည်းပြဆရာ ဒုရဲအုပ် ဆန်းဌေးနှင့် ရဲတပ်ကြပ် စိုးဦးတို့ (၂)ဦးမှ အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂)၊ အားကစား ကွင်း/အားကစားရုံဌာနခွဲမှ လုံခြုံရေးဝန်ထမ်း စုစုပေါင်း (၂၉)ဦးတို့အား (၁၇.၁.၂၀၂၂)ရက်နေ့မှ (၂၇.၁.၂၀၂၂)ရက်နေ့အထိ သင်တန်းကာလ (၁၀)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။