အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီလ(၁၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်မှစတင်၍ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ဘောလုံး အားကစားကွင်းသို့ရောက်ရှိပြီး နှစ်ထပ်တိုင်းရုံး တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ရုံးခန်းနေရာပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ (Main Panel Board) မီးလိုင်းစနစ်တပ်ဆင်ထားရှိမှုတို့ အားကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိရန်၊ ပြည်သူများစိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိရန်နှင့် ဘောလုံးကွင်း ပွဲကြည့်စင်တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ဘောလုံး အားကစားကွင်းသို့ရောက်ရှိပြီး ကွင်းအတွင်းရှိ ဘောလုံးပွဲကြည့်စင်၏ အဆောက်အဦပတ်လည်တွင် ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရေးအား လာမည့်ဘတ်ဂျက်တွင် ထည့်သွင်းစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆောက်အဦပတ်လည် ရေမြောင်းအဖုံး များတပ်ဆင်ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်၊ ကွင်းရေဖျန်းစနစ် အဆင်ပြေချောမွေ့စေရေးအတွက် ရေစုပ်စက်တစ်လုံး ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့်လည်း အားကစားအထောက်အကူပြုပစ္စည်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံတော်မှ ခန့်အပ်ထားသည့် ဝန်ထမ်းများဖြစ်သည့်အတွက် အများပြည်သူနှင့် ပြောဆိုဆက်ဆံသည့်အခါ ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံကြရန်၊ ဝန်ထမ်းများအား တာဝန်ခွဲဝေပေးသည့်အခါတွင်လည်း လူမှန်နေရာမှန်ဖြစ်အောင် စနစ်တကျ စီမံခန့်ခွဲပြီး ကဏ္ဍအလိုက် တာဝန်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအင်အားမလုံလောက်သည့် နေရာများတွင် ဖွဲ့စည်းပုံပါအတိုင်း ဝန်ထမ်းအင်အားထပ်မံ ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအသစ်ခန့်အပ်သည့်အခါ တွင်လည်း မိမိတို့လုပ်ငန်းနှင့်ကိုက်ညီပြီး သင့်လျော်မည့် နယ်မြေ ဒေသခံများကို စနစ်တကျ‌ စိစစ်ရွေးချယ်ပြီး ဦးစားပေးခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ကွင်း/ရုံများအမြဲတမ်းသန့်ရှင်း သာယာလှပမှု ရှိစေရန်အတွက် နေ့စဉ်သန့်ရှင်းရေးပြုလုပ်သွားရန်လိုအပ်ကြောင်း၊ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေ့ကျင့်ရေးအားကစားရုံ-၂ (Training Center-2)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်း/အားကစားရုံများ ယိုယွင်းပျက်စီးနေမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီး ရေရှည်တည်တံ့အောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိရန်နှင့် အားကစားနည်းအလိုက် ဆိုင်းဘုတ်ဗွီနိုင်းများအား ပြန်လည် တပ်ဆင်ထားရှိရန် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဘောဂဝတီအားကစားကွင်းသို့ရောက်ရှိပြီး ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှု၊ ရေစင်တည်ဆောက်ထားရှိမှု၊ ဘောလုံးကွင်း ရေဖျန်းစနစ်တပ်ဆင်ထားရှိမှု၊ အားကစားမှူးနေအိမ်နှင့် ရုံးခန်းတည်ဆောက်ပြီးစီးမှု၊ ဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်မည့် မြေနေရာလျာထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/ရုံများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ အများပြည်သူများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်းနှင့်ဘောလုံးကစားခြင်းများ လာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အများပြည်သူများနှင့်ဆက်ဆံသည့် အခါ(Proud) မဖြစ်စေရန်၊မိမိတို့အတွက်(Pride) ဖြစ်အောင်သာ အမြဲတမ်းကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းပြည်သူ့အားကစားကွင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းပွဲကြည့်စင် ပြန်လည်ပြုပြင်ထားရှိမှု၊ ဂါလံ(၃၂၀၀)ဆံ့ ရေစင်တည်ဆောက် ထားရှိမှု၊ ဘောလုံးကွင်းအတွင်း ရေဖျန်းစနစ်တပ်ဆင်ထားရှိမှုနှင့် မိုးလုံလေလုံ အားကစားရုံအတွင်း ခိုငှက်များမဝင်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရုံအတွင်းရှိ စတိတ်စင် ကြမ်းခင်းပျက်စီးနေမှုအား ပြုပြင်ဆောင်ရွက်သွားရန်နှင့် အားကစားကွင်း/ရုံများ ရေရှည်တည်တံ့စေရေး အတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး  ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် လေ့လာသင့်သည့် ပညာရပ်များကို ဆည်းပူးလေ့လာပြီး ပညာဝမ်းစာဖြည့်တင်းကြရန်၊ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် မိမိတို့အားပေးအပ်ထားသော တာဝန်များကို မခိုမကပ်/မလိမ်မညာဘဲ ကျေပွန်အောင်ထမ်းဆောင်ပြီး နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် ပူးပေါင်းပါဝင်တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်း မိသားစု စိတ်ဓာတ်ဖြင့် စည်းလုံးခြင်းသည်အင်အားဆိုသည့်အတိုင်း အပြန်အလှန် ကူညီရိုင်းပင်းဆောင်ရွက် သွားကြရန်နှင့် လိုအပ်ချက်များရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများမှတဆင့် တင်ပြနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းအားကစားကွင်းအတွင်းရှိ အလေးမနှင့် ကာယကြံ့ခိုင်မှုအားကစားခန်းမ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက် စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။