အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၁၂)ရက်။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့်  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို (၇.၁.၂၀၂၂) ရက်နေ့မှ (၂၁.၁.၂၀၂၂) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ညနေ (၃)နာရီ အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် U-25 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရလဒ် (၃)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တနင်္သာရီ တိုင်းဒေသကြီးအသင်းကို ရလဒ် (၁)ဂိုး (၀)ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၇) မခင်ထက်ထက်စံ နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁) နော်ထရယ်ဘယ် တို့ (၂)ဦးအား ဆုငွေကျပ် (၅၀၀၀၀)စီကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(၁၃.၁.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ (၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌  ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဘောလုံး ဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။