အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားသည့် အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇန်နဝါရီလ (၁၀)ရက်။

ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ တက်ရောက်၍ တွေ့ဆုံလမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ဝန်ထမ်းများအား  လမ်းညွှန်မှာကြားလိုသည်များ၊ လိုက်နာသင့်သည်များကို ပြောကြားရန်အတွက် တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအား အသစ် ပြန်လည်ဖွဲ့စည်းပေးသည့်အတွက် အားကစားလောက ပိုမိုတိုးတက်စေရန်နှင့် နိုင်ငံ့ဂုဏ်သိက္ခာ ပိုမို ထွန်းလင်းတောက်ပအောင် ဝန်ထမ်းများအားလုံးတွင်တာဝန်ရှိကြောင်း၊ မိမိအား ပေးအပ်ထားသည့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း၊ ဌာန၏အကြီးအကဲ ဖခင် တစ်ဦးအနေဖြင့် ဝန်ထမ်းများအား ကျောသားရင်သားမခွဲခြားဘဲ အစအစအရာရာ ဂရုစိုက်၍ ကြည့်ရှုစောင့်ရှောက်ပြီး လိုအပ်ချက်များအား အမြဲတမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရုံးချုပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား လှည့်၍ တာဝန်ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ စည်းလုံး ညီညွတ်စွာ ပူးပေါင်းပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ Covid-၁၉ ရောဂါ ကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ၍နေထိုင်ကြရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုအပ်ကြောင်း၊ နောင်အနာဂတ်တွင် တိုင်းပြည်အတွက်၊ နိုင်ငံအတွက် ဂုဏ်ယူအားထားနိုင်မည့်သူများဖြစ်အောင်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်သူများဖြစ်အောင် စာများများဖတ်ပြီး အမြဲတမ်းလေ့လာ၍ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိနိုင်ငံ တိုးတက်အောင်နှင့် အားကစားလောက တိုးတက်အောင် ရည်မှန်းချက်ထားပြီး ကြိုးစားဆောင်ရွက်ကြရန် အထူး တိုက်တွန်းမှာကြားလိုကြောင်း၊ လူတိုင်းလူတိုင်းတွင် အရည်အချင်းကိုယ်စီရှိသည့်အတွက် လူတိုင်းသည် တန်ဖိုးရှိကြကြောင်း၊ မိမိတို့၏ သားသမီးများ လမ်းမှန်ရောက်အောင်၊ အမှားအမှန် ခွဲခြားနိုင်အောင် စနစ်တကျ ပျိုးထောင်၍ ထိန်းသိမ်းစောင့်ရှောက်ကြရန် မိဘများတွင်တာဝန်ရှိကြောင်း၊ မိမိနိုင်ငံ၊ မိမိဌာန တိုးတက်အောင် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်ဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူး များ၊ ဝန်ကြီးရုံးနှင့် ဌာနခွဲများမှ အရာထမ်း/အမှုထမ်းအင်အား စုစုပေါင်း (၈၀၄)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ ရောက်ရှိပြီး ပြခန်းများ ပြင်ဆင်ထားရှိမှုများအားကြည့်ရှုကာ မကြာမီ လူငယ်နှင့်စာပေပွဲတော် ကျင်းပ သည့်အခါ ပွဲတော်သို့လာရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ လေ့လာရေးအစီအစဉ်တွင် အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်)သို့ ဝင်ရောက်လေ့လာမည့် အစီအစဉ်ပါရှိသဖြင့် ရှင်းလင်းပြသမည့်အစီအစဉ်များ စီမံထားရန်နှင့် လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။