အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာလ(၃၁)ရက်။

ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပျော်ရွှင်စေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ (၂၁)ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့အထိ အားကစားနည်း (၆)နည်းအား နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex)ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဥက္ကဌ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီ ဒုဥက္ကဌ ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက် ကျင်းပလျက်ရှိသော လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်အဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းများ၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဆက်လက် ကျင်းပလျက်ရှိသော ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိသော ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပ လျက်ရှိသော ဖူဆယ် (အမျိုးသား) ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။