အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားနှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ လွန်ဆွဲ(အမျိုးသား) ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုအား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ဒီဇင်ဘာလ(၃၀)ရက်။

ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျနားလည်တတ်ကျွမ်းစွာကိုင်တွယ် အသုံးပြုနိုင်စေရန် နှင့် ကွန်ပျူတာနှင့်ပတ်သက်သည့် ဗဟုသုတများပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍  “ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနား” ကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊သင်တန်းတာဝန်ခံများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မှသင်တန်းဆင်းအမှာစကားပြောကြားရာတွင်-

– ရုံးလုပ်ငန်းများပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ခြင်း၊ ရုံးစာများကိုပေးပို့ခြင်း၊လက်ခံခြင်း၊ ရေရှည်ထိန်းသိမ်းခြင်းနှင့် Microsoft, Excel, Power Point များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖြင့်လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊

– သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများ၊ အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် ပြန်လည်အသုံးချကြဖို့လိုအပ်ကြောင်း၊

– တိုးတက်ပြောင်းလဲနေသည့် ခေတ်ဖြစ်သည့်အတွက် (IT) နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်နှင့် မိမိတို့၏အရည်အချင်းများ တိုးတက်အောင် အမြဲတမ်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှဖြင့် ကြိုးစားလေ့လာသင်ယူနေကြရမည်ဖြစ်ကြောင်း၊

– ပညာရှာရာတွင်ပျင်းရိခြင်းမရှိဘဲ အချိန်မဖြုန်းမိစေရန် သတိထားကာ အချိန်ကိုအကျိုးရှိရှိ အသုံးချ၍ အချိန်နှင့်အမျှတိုးတက်မှုရှိအောင် လေ့လာဆန်းစစ်ပြီး ကြိုးပမ်းသင်ယူနေကြရမည်ဖြစ်ကြောင်း၊

– မိမိတို့တာဝန်ကျရာဌာနသို့ ပြန်ရောက်သည့်အခါ ပေးအပ်ထားသောတာဝန်များအပြင် သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့်ပညာရပ်များ လေ့လာသိရှိထားသည့် ဗဟုသုတများကိုလည်း လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ပြန်လည်မျှဝေပြီး မည်သည့်ကိစ္စတွင်မဆို စေတနာထား၍ လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊

– ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် မိမိအလုပ်၊ မိမိဌာန၏ အလုပ်ကိုတန်ဖိုးထား၍ ကြိုးကြိုးစားစား လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းပြောကြားခဲ့ပါ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှသင်တန်းသားများကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦး အားသင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင်သင်ခန်းစာများအား သင်ကြားပို့ချ ပေးခဲ့သည့် သင်တန်းနည်းပြဆရာ/ဆရာမ(၃)ဦးတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသော လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။