အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၏ နံနက်စာစားသုံးနေမှုများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ(၂၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် သင်တန်းသား/ သင်တန်းသူများ၏ နံနက်စာ စားသုံးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား သန့်ရှင်းလက်ဆတ်မှုရှိပြီး လိုအပ်သည့် ကယ်လိုရီပမာဏ၊ အာဟာရနှင့်ညီညွတ်မျှတစွာ ချက်ပြုတ်ကျွေးမွေးသွားမှသာ ကျန်းမာကြံ့ခိုင်သည့် အားကစားသမားများဖြစ်လာနိုင်မည်ဖြစ်၍ တာဝန်ရှိသူများက စနစ်တကျကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ၊ (သာယာဝတီခရိုင်၊ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် ပြည်ခရိုင်/ ပြည်မြို့နယ်) အားကစားနှင့်ကာယ ပညာဦးစီးဌာနရှိ အားကစားကွင်း/ အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံး အားကစားကွင်းရှိမြက်များ အမြဲစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် အားကစားရုံ၊ ပွဲကြည့်စင်ဘေး၊ပွဲကြည့်စင်အနောက်ဘက်ရှိ ချုံနွယ်များအားခုတ်ထွင်ရှင်းလင်းသွားရန်၊ ဝန်ထမ်းများအားလုံး လုံခြုံရေး အထူးဂရုစိုက်ပြီး မိမိအားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်နှင့် အားကစားကွင်း/ အားကစားရုံများသို့ အများပြည်သူ လာရောက်လေ့ကျင့်ကစားနိုင်စေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ စီစဥ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။