အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ(၂၁) ရက်။

အားကစာနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက် (၇)နာရီ (၃၀)မိနစ်အချိန်တွင် ပုသိမ်မြို့ ကန်သုံးဆင့်ဘေးရှိ သစ်တောပျိုးဥယာဉ်၌ အဆင့်မြင့်ရေကူးကန်တည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာပိုင် ရေကူးကန်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော လှေလှော်အားကစားသမားများနှင့် လှေများ ထားရှိရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား တိုင်းဒေသကြီး/ ပြည်နယ်ကိုယ်စားပြုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်မှာကြားခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၂၆)မြို့နယ်၊ အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ (ဗိုလ်လုပွဲ)သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နံနက် (၈)နာရီ (၂၀)မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ငသိုင်းချောင်းမြို့သို့ ရောက်ရှိခဲ့ပြီး အားကစားကွင်းမြေနေရာအား ဌာနပိုင်အမည်ပေါက်ရရှိမှသာ မိမိတို့အနေဖြင့် လိုအပ်သည်များအား ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပံ့ပိုးကူညီ၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိခဲ့ပြီး မြို့နယ်အားကစားပွဲကြည့်စင်အားကြည့်ရှုစစ်ဆေးပြီး ကွင်းအနောက်ဘက်ရှိ ပွဲကြည့်စင်ပြုပြင်ခြင်းလုပ်ငန်း၊ ကွင်းအတွင်း ရေနှုတ်မြောင်းများပြုပြင်သွားရန်၊ (Inner Fencing) တိုင်များအား ဆေးသုတ်၍ (Plastic Cover) ချိန်းလိမ်များ လဲလှယ်ပေးနိုင်ရေး၊ မိုးလုံလေလုံအားကစားရုံအားကြည့်ရှုစစ်ဆေးပြီး ဆွေးမြေ့နေသော ဘေးကာများအား ပြင်ဆင်နိုင်ရေးနှင့် (၂)ထပ် လျှာထိုး ကြမ်းခင်းခြင်းလုပ်ငန်းများအား ကုန်ကျစရိတ်တွက်ချက်တင်ပြသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်အတွင်းရှိ ကြံခင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ရောက်ရှိလာပြီး မြို့နယ်အားကစားပွဲကြည့်စင်အား ကြည့်ရှုစစ်ဆေးပြီး ကွင်းအတွင်း ဖွဲပြာနှင့်နုန်းမြေခင်း၍ မြက်စိုက်နေမှုနှင့် ဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း အဝင်မုဒ်ဦးဆိုင်းဘုတ်နှင့် အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား တွက်ချက်တင်ပြရန်နှင့် ဝန်ထမ်းများအား ပြောင်းရွှေ့ခြင်းကိစ္စရပ်များကို တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ လုပ်ထုံး/လုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ရာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လာရောက်ကြိုဆိုခဲ့ကြပြီး ပန်းတောင်းမြို့နယ် အားကစားကွင်း/ရုံများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ မြို့နယ်အားကစားကွင်းသို့ရောက်ရှိခဲ့ပြီး အားကစားကွင်းအတွင်းရှိ ချုံနွယ်များအား ရှင်းလင်းသွားရန်နှင့် ပြည်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှ တင်းနစ်ကလပ်မှ တင်းနစ်ကွင်းဘေးရှိ မြေနေရာအား သန့်စင်ခန်းနှင့် နားနေခန်းတည်ဆောက်ခွင့်ပြုပါရန် တင်ပြလာမှုအပေါ် ဒုတိယဝန်ကြီးမှ ဆောက်လုပ်မည့် အဆောက်အဦးပုံစံဒီဇိုင်း တင်ပြသွားရန်နှင့် ဘောလုံးကွင်း စိမ်းလန်းစိုပြေရေးအတွက် ရေပေးသည့်စနစ်အား သပ်ရပ်သေချာစွာ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ခရိုင်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဝန်ထမ်းအိမ်ယာ(၆) ခန်းတွဲ တည်ဆောက်နိုင်ရေး လျာထားတွက်ချက်တင်ပြသွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။