အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များ သွားရောက် ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ လိုက်ပါလျက် (၁၉.၁၂.၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် ကော့မှူးမြို့နယ် အားကစားကွင်း/ ရုံနှင့် ကွမ်းခြံကုန်းမြို့နယ် အားကစားကွင်း/ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်လက် ထွက်ခွာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လာရောက်ကြိုဆိုခဲ့ကြပြီး ဒေးဒရဲမြို့နယ် အားကစားကွင်း/ ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားရုံ (Portico) မျက်နှာကြက်ပျက်စီးနေမှုအား ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ပျက်စီးနေသည့် (Outdoor Fitness) များအား လဲလှယ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

ယင်းနောက် ဖျာပုံခရိုင် အားကစားရုံသို့ရောက်ရှိပြီး ကြမ်းခင်းများပျက်စီးနေမှု အခြေအနေ၊ ခရိုင် (ရုံး/အိမ်) တွဲလျက်ဘေးရှိ အသုံးမပြုတော့သည့် သန့်စင်ခန်းများအား ဖျက်ပစ်ရန်နှင့် ရုံးအနောက်ဘက်တွင် အဖီဆွဲထားမှုအား သပ်သပ်ရပ်ရပ် ပြန်လည်ပြင်ဆင်ပြုပြင်ရန် မှာကြားခဲ့ပြီး ခရိုင်၊ မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှ ဝန်ထမ်းများ ခန့်ထားပေးနိုင်ရေး တင်ပြချက်များကို ဝန်ထမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘိုကလေးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/ ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ (၁၀) ရပ်ကွက်တွင် အဆင့်မြင့်အားကစားကွင်း တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ အမြန်ဆုံးရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးရန်နှင့် ဌာနအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် မော်လမြိုင်ကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ဗိုလ်ဗလအားကစားကွင်း သဲမြေမြှင့်တင်ခြင်းလုပ်ငန်းနှင့် ရေနှုတ်မြောင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် မြို့မဘောလုံကွင်းနှင့် အားကစားရုံတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်း/ ရုံ ဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် ဘတ်ဂျက်ကာလအတွင်း အချိန်မီ တင်ပြဆောင်ရွက်သွားရန်နှင့် လက်ဝှေ့အားကစား ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ၊ မြို့နယ်များ၏ လိုအပ်ချက်များအား ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်/ မြို့နယ်များအား အားကစားပစ္စည်းများထောက်ပံ့ပေးခဲ့ရာ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့သို့ဆက်လက်ထွက်ခွာခဲ့ရာ ကိုးသိန်း ဘောလုံးကွင်း ပွဲကြည့်စင်အမိုးပြုပြင်နေမှုနှင့် အားကစားရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး တိုင်းရုံးနှင့် ခရိုင်/ မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စည်းစည်းလုံးလုံး နေထိုင်သွားကြရန်နှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးစား၍ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားကြရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီးနောက် ကိုးသိန်းဘောလုံး အားကစားကွင်း အနောက်ဘက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်ရန် အားကစားသမားများထားရှိမည့် (အမျိုးသား/ အမျိုးသမီး) အိပ်ဆောင်များနှင့် စားရိပ်သာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။