အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြား

နေပြည်တော်၊ ဩဂုတ်(၁၅)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းများ၌ အားကစားအခြေခံ ပိုင်းအား တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ/ဆရာမများအနေဖြင့်  ကျောင်းသားလူငယ်များကို အနီးကပ်ပြုစုပျိုးထောင်ပေးရသော  အရေးကြီးသည့် လက်ဦးဆရာများဖြစ်သည့်အတွက် “ အစကောင်း မှ အနှောင်းသေချာမည်” ဆိုသည့်အတိုင်း ကျောင်းသားလူငယ်များအား အတွေးအခေါ်၊ အယူအဆ မှန်ကန်ပြီး စိတ်ဓာတ်ခံယူချက်ကောင်းမွန်သည့် အားကစားသမားကောင်းများဖြစ်လာစေရန်နှင့် ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများရှိစေရန်အတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်လိုကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာ ကြံ့ခိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှသာ ပညာရေးပိုင်းမှာသာမက အားကစားပိုင်းမှာပါ ထူးချွန် ထက်မြက်အောင်မြင်သူများဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ယခင်က အားကစားတွင် “စည်းကမ်းသည် ပထမ၊ စံချိန်သည် ဒုတိယ” ဟူသည့်ဆောင်ပုဒ်အတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး မိမိရောက်ရှိ တာဝန်ယူချိန်မှစ၍ ကျန်းမာရေးကောင်းမွန်မှသာ အရာအားလုံးကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် “ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည်ဒုတိယ၊ စံချိန်သည် တတိယ”ဟု ပြောင်းလဲပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုသင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား/ သင်တန်းသူများ၊ ဆရာ/ဆရာမများအနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားကွင်း/အားကစားရုံများနှင့် အားကစားအထောက်ကူပြုပစ္စည်းများ အသုံးပြုရန် လိုအပ်ပါ က အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ တိုင်း/ခရိုင်/ မြို့နယ်များမှ အားကစားမှူးများ၊ အားကစားမှတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ပေါင်းစပ်ညှိနှိုင်း၍ အသုံးပြုနိုင်ကြောင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျေးဇူးတင် စကားပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ FRIENDSHIP POWER ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘောလုံးအားကစားကွင်းအား မြက်အသစ်စိုက်ပျိုး နိုင်ရေးအတွက် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မှီကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြားပစ်အားကစားလေ့ကျင့်ရေးကွင်းတွင် မြန်မာ့လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအား ကျန်းမာရေးအထူး ဂရုစိုက်ကြရန်၊ မိမိတို့၏ အရည်အချင်းများ တိုးတက်ပြီး အောင်မြင်မှုရရှိစေရန်အတွက် မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်ကြိုးစားလေ့ကျင့်ကြရန်နှင့် လိုအပ်ချက်များနှင့် အခက်အခဲ များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။