အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့် အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာလ(၁၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ယနေ့နံနက်(၁၁)နာရီအချိန်တွင်ရောက်ရှိပြီး အားကစားသမား များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြား၍ အိပ်ဆောင်များ၊ စားဆောင်များသို့ လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ကူညီပံ့ပိုးဖြည့်ဆည်းပေးခဲ့ပါသည်။

ယင်းနောက် သုဝဏ္ဏကွင်းအတွင်းရှိ အားကစားသမားများ(၄)ထပ်အိပ်ဆောင်၊ စားရိပ်သာနှင့် စားဖိုဆောင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုပြီး အားကစားသမားများထားရှိရန်အတွက် လိုအပ်သော စားပွဲကုလားထိုင်၊ ကုတင်များ ထည့်သွင်းထားရန်၊ ရေစင်တည်ဆောက်ရန်၊ ခြံစည်းရိုးခတ်ရန်နှင့် လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီးနောက် ဒဂုံတောင်ရှိ တည်ဆောက်နေသော ဖူဆယ် အားကစားရုံသို့ရောက်ရှိပြီး အောက်ခြေကြမ်းခင်း ခင်းကျင်းနေမှုများ၊ အတွင်းနံရံဆေးသုတ်နေမှုများ၊ ခေါင်းမိုးလုံခြုံမှုရှိစေမှုများနှင့်လိုအပ်ချက်များအားမှာကြားပြီးနောက် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်သို့ရောက်ရှိလာရာ အားကစားသမားများလေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လာမည့် ဆီးဂိမ်းတွင် မျှော်မှန်းဆုတံဆိပ်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားလေ့ကျင့်ရေးဆောင်ရွက်ကြရန်အားပေးစကား ပြောကြား၍ တင်ပြချက်များအပေါ် ကူညီပံ့ပိုးဖြည့်ဆည်းပေးခဲ့ပါသည်။

ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့တော်စည်ပင် အားကစားဝင်းအတွင်းရှိ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်သို့ ရောက်ရှိရာ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်သန်းမှ လာမည့်ဆီးဂိမ်းတွင် ဆုတံဆိပ်ရရှိရန်အတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသော အခြေအနေများ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝိတ်တန်း၊ အားကစားသမားများအရေအတွက်နှင့် အောင်မြင်မှုရရှိနိုင်သည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ အားကစားသမားများ၏ လေ့ကျင့်မှုအပေါ် အားရကျေနပ်မှုရှိပြီး မျှော်မှန်းဆုတံဆိပ်ရရှိရေးအတွက် အစွမ်းကုန်လေ့ကျင့်ကြရန်နှင့် လိုအပ်သော လေ့ကျင့်ရေးပစ္စည်းများအား ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်းပြောကြားသွားပါသည်။

ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းအတွင်းရှိ (၁၀)ခန်းတွဲ အိမ်ရာတည်ဆောက်နေမှု၊ (၆)ခန်းတွဲအိမ်ရာတည်ဆောက်နေမှု၊ ဘောလုံးကွင်းနှင့် ပြေးလမ်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းစေရန် ပြင်ဆင်ထားရှိမှု၊ အမျိုးသမီး သင်တန်းသူအိပ်ဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ရန်နှင့် စာကြည့် တိုက် အတွင်းကဏ္ဍအလိုက် စနစ်တကျထားသိုရန်နှင့် ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသေးစိတ် လမ်းညွှန်မှာကြားခဲ့ပါသည်။