အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား တက်ရောက်

နေပြည်တော်၊ ဩဂုတ်(၁၂)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးသည့် ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ် များနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည် တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွက်လာစေရေးတို့အတွက် စနစ်တကျပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ မျိုးဆက်သစ်လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို နိုင်ငံတကာ အသိုက်အဝန်းက သိရှိနားလည်စေရန်ရည်ရွယ်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ဖြင့် ဩဂုတ်လ (၁၂)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် “ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအားဖြင့် ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များ အချင်းချင်း ပူးပေါင်း၍ လူငယ်များ၏စွမ်းအားကို အသုံးပြုပြီး ကမ္ဘာကြီးရေရှည်တည်တံ့နိုင်စေရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်(၃)ရပ်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းတို့နှင့်အညီ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန် နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို မူဝါဒ၊ ရည်မှန်းချက် နှင့် လုပ်ငန်းစဉ်များ စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာမူဝါဒကဏ္ဍ (၁၆)ရပ်သည် လူငယ်များအတွက် အလေးထားဆောင်ရွက်ရမည့် ကဏ္ဍများ ဖြစ်ကြောင်း၊ လူငယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီနှင့် လူငယ်ရေးရာကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဦးဆောင်ဝန်ကြီးဌာနများဖြစ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများအပါအဝင် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်လူငယ် မောင်/မယ်များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့် လူကောင်းလူတော်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ၏ စွမ်းပကားဖြင့် လူမှုစီးပွားဘဝ သာယာဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ဖန်တီးပုံဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr.Antonio Guterres မှ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ပေးပို့လာသည့် သဝဏ်လွှာအား မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဖတ်ကြားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း (Video Clip)အား ပြသခဲ့သည်။

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးများက ထူးချွန်ဆုရလူငယ်များအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် လူငယ်များကိုယ်စား ထူးချွန်လူငယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။