အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ(၁၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိ သူများ လိုက်ပါလျက် (၁၆.၁၂.၂၀၂၁)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းသို့ ရောက်ရှိ လာပြီးနောက် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ဝန်ထမ်းအင်အားအရေအတွက်များအတိုင်း ထပ်မံခန့်ထား ပေးနိုင်ရေးနှင့် ရေရရှိနိုင်ရေးအတွက် ရေကန်တည်ဆောက်ပေးခြင်း၊ ရေတွင်းတူးပေးခြင်းများ၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းမှုရှိစေရန် မြက်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြက်ရိတ်စက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မီတာ (၄၀၀)ပြေးလမ်း ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် ပွဲကြည့်စင်အား အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာ ထားရှိနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ  လမ်းညွှန်မှာကြားခဲ့ပါသည်။          

ယင်းနောက် သံတွဲခရိုင် မိုးလုံလေလုံအားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားခန်းမ သန့်ရှင်းသာယာလှပစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပြည်သူများ အားကစားကို လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ မြို့နယ်အားကစားကွင်းအတွင်း Fitness Center (GYM) ခန်းမအသစ် တည်ဆောက်ပေးနိုင်ရန်နှင့် လိုအပ်သည့် အားကစားပစ္စည်းများ ထပ်မံဖြည့်စွက်ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။