အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဇွန်(၂၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် (၁၂) ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ယနေ့ နံနက်(၇)နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်) ၌ Virtual  စနစ်ဖြင့် တက်ရောက်ခဲ့သည်။

အစီအစဉ်အရ (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးတွင် မလေးရှားနိုင်ငံမှ Mr. YB ADAM ADLI ABD MALM က ဒေသတွင်းလူငယ်များ၏ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန် “စိတ်ကျန်းမာရေး ပြဿနာများအားလုံးနှင့်အတူ ရင်ဆိုင်ကျော်လွှား” ဆောင်ပုဒ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စိတ်ကျရောဂါခံစားရမှုအခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံပေါင်း ၂၀၄ နိုင်ငံတွင် လေ့လာဆန်းစစ်တွေ့ရှိချက်များအရ လူငယ်များသည် အရွယ် ရောက်ပြီးသူတွေထက် စိတ်ကျရောဂါ/စိတ်ကျန်းမာရေးပြဿနာများကို ပိုမိုခံစားနေရသည်ကို တွေ့ရှိရပါ ကြောင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး အစီရင်ခံစာအရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ သည့် ပထမနှစ်အတွင်းမှာ စိတ်ကျရောဂါခံစားရမှုသည် ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ကို ရေးသားဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် စေတနာ့ဝန်ထမ်း များအဖြစ် ပူးပေါင်းပါဝင်အားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်း လူငယ်များကို စိတ်လူမှုရေး အထောက်အကူပြုသင်တန်းများအဖြစ် စိတ်ပိုင်းဆိုင်ရာ ရှေးဦး သူနာပြုစုပေးခြင်းနှင့် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီခြင်းများကို သင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းလူငယ်များ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရသည့် ပြည်သူများကို စိတ်ဓါတ် မြှင့်တင်ပေးခြင်းနှင့် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီပေးခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း (၈၇) ဦး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ကြရသည့် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၂၄၀) ဦးနှင့် ကလေးငယ် (၂၅၀) ဦးတို့ကိုလည်း စိတ်လူမှုဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကာလ အတွင်း စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ကလေးသူငယ်များနှင့် ဆယ်ကျော် သက် လူငယ်များထံသို့ အသိပညာပေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ အတွင်းသို့ ၂၀၂၃ ခုနှစ်၊ မေလအတွင်းက အနောက်ဘက် ရခိုင်ကမ်းမြောင်ဒေသမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များ အပါအဝင် ပြည်သူများကို စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်ရေး ပညာရှင်များနှင့် လူမှုဝန်ထမ်းသမား များကို စုစည်း၍ အဖွဲ့များ ဖွဲ့စည်းကာစေလွှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးဆက်သစ်လူငယ် များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသည့် လူငယ်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် မဟာဗျူဟာ ကျကျ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အနာဂါတ် မျိုးဆက်သစ်လူငယ်များနှင့်အတူ မျှော်မှန်း ထားသည့် အာဆီယံ အသိုက်အဝန်းတစ်ခုကို ထူထောင်နိုင်ရန် ဆက်လက်ကြိုးပမ်းအားထုတ် သွားကြစေလိုကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမည့် “သဟဇာတဖြစ်တဲ့ အာဆီယံလူ့အဖွဲ့အစည်း တစ်ခုကို လူငယ်တွေရဲ့ အင်အားနဲ့ ဖန်တီးဖော်ဆောင် သွားကြပါစို့” ဆောင်ပုဒ်ဖြင့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ကျင်းပ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပြီးနောက် နိုင်ငံအလိုက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားပြု ဝန်ကြီးများက (၁၂) ကြိမ်မြောက်အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးနံနက်ပိုင်းအစီအစဉ်အား ခေတ္တရပ်နား ခဲ့သည်။

ထို့နောက် နေ့လယ်ပိုင်းအစီအစဉ်များကို မွန်းလွဲ (၁၂) နာရီခွဲတွင် အာဆီယံအပေါင်း(၃) လူငယ် ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာ(သို့မဟုတ်) နိုဝင်ဘာလတွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ အနာဂါတ်တွင် နိုင်ငံတာဝန်များကို ပုခုံးပြောင်းတာဝန်  ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု များရှိရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ယခုအစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် မလေးရှား နိုင်ငံနှင့် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံတို့မှ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးနှင့် (၉)ကြိမ်မြောက် အာဆီယံအပေါင်း(၃) လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးတို့ကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့်  မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အား တရားဝင် တာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်း ခဲ့သည်။

အဆိုပါအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် Virtual  စနစ်ဖြင့် ကျင်းပ ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။