အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့သိုင်း ဒိုင်လူကြီးနှင့်နည်းပြ သင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာလ(၁၇)ရက်။

          မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက် ကြရန်နှင့် ခေတ်နှင့်အညီပြန့်ပွားတိုးတက်စေရန်အတွက် နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာ့သိုင်းဒိုင်လူကြီးနှင့်နည်းပြသင်တန်း ဆင်းပွဲအခမ်းအနား ကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တတ်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင်

–         တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းပညာရပ်ကို ပြန့်ပွား တိုးတက်စေရေးနှင့် “ မြန်မာလူမျိုးတိုင်း သိုင်းတတ်ရမည်” ဟူသော ဆောင်ပုဒ်အတိုင်း မြန်မာ့သိုင်း အဖွဲ့ချုပ်အနေဖြင့် အမျိုးသားရေးတာဝန်အဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

–         မြန်မာ့သိုင်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ သိုင်းပညာရှင်များအချင်းချင်း စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မြဲစေရန်၊ မြန်မာ့သိုင်းပညာရပ်များ နှီးနှောဖလှယ်နိုင်စေရန်၊ မျိုးဆက်သစ်သိုင်းပညာရှင်များ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်ကြောင်း၊

–         မြန်မာလူငယ်များ သိုင်းပညာရပ်များကို စိတ်ဝင်တစား လေ့လာလိုက်စားစေခြင်းဖြင့် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ကျန်းမာသန်စွမ်းသူများဖြစ်လာစေရန်နှင့် မြန်မာ့သိုင်း ဗန်တို/ ဗန်ရှည်ပညာရပ်များ နိုင်ငံတကာသို့ပြန့်နှံ့ရောက်ရှိစေရေးအတွက် အထောက်အကူဖြစ်စေရန် အတွက် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊

–         မြန်မာ့သိုင်းအားကစားနည်းကို အရှေ့တောင်အာရှအားကစားပြုင်ပွဲ (SEA Games) များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိနိုင်ရန်အတွက် အဖွဲ့ချုပ်များအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊

–         SEA Games များတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဗိုဗီနမ် အားကစားနည်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ပန်ကြပ်ဆီလပ် အားကစားနည်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အားနစ် အားကစားနည်းများ ထည့်သွင်းကျင်းပနိုင်ရန်အတွက် အားထည့်ဆောင်ရွက်ခဲ့ကြကြောင်း မြန်မာ့သိုင်းအဖွဲ့ချုပ်အနေဖြင့် မြန်မာ့သိုင်း အားကစားနည်းအား ထည့်သွင်းကျင်းပခွင့်ရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် ပေးရန် တိုက်တွန်းမှာကြားလိုကြောင်း၊

–         ပြိုင်ပွဲများကို စနစ်တကျ စည်းကမ်းပြည့်ဝစွာကျင်းပနိုင်ရန်၊ ထူးချွန်ထက်မြက်သည့်အားကစား သမားကောင်းများ မွေးထုတ်ပေးနိုင်ရန်နှင့် မြန်မာ့သိုင်းအားကစားနည်း အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြန်မာ့သိုင်း ဒိုင်လူကြီးနှင့်နည်းပြသင်တန်းကို ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊

–         သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် ပို့ချခဲ့သည့် စာတွေ့/လက်တွေ့ သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်ကြပြီးဖြစ်သည့်အတွက် သိုင်းအားကစားမှတဆင့် ထူးချွန် ထက်မြက်ပြီး ရိုးရာအမွေအနှစ်ထိန်းသိမ်းသည့် မြန်မာ့သိုင်းအားကစားသမားကောင်းများအား မွေးထုတ်ပေးနိုင်သည့် မြန်မာ့သိုင်းပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။           ဆက်လက်၍ ဒုတိယဝန်ကြီးမှ သင်တန်းသားများကိုယ်စား သင်တန်းသား/သင်တန်းသူ (၂)ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြများကိုယ်စား မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ ဒိုင်ချုပ်ဆရာကြီး ဦးစိန်ဝင်းအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။